လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ပြည်နယ်က ပြည်သူ ၅ ဦး သေဆုံး
******
ထွယ်
ဧပြီ ၁၊ ၂၀၂၄။
ကချင်ပြည်နယ် မံစီမြို့နယ် ဂျန်မိုင်ကျေးရွာတွင် ယနေ့ နံနက်အစောပိုင်း နံနက် ၁ နာရီခွဲခန့်၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီလေတပ်ကကြဲချခဲ့သောဗုံးသည် ဂျန်မိုင်ကျေးရွာရှိ ကားလမ်းဘေးအနီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပြည်သူသေဆုံးမှုရှိသလို ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်ဟု မျက်မြင်တွေ့ရှိခဲ့သော ပြည်သူ ၁
ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ပြည်သူ ၅ ဦး သေဆုံးသွားတယ်။ ခြေလက်တွေတောင် တစစီဖြစ်ကုန်တာ” ဟု ပြောသည်။
အဆိုပါကျေးရွာသည် မံစီမြို့မှ အင်ဘာပါကျေးရွာသို့ တက်သွားသည့် လမ်းပေါ်တွင်တည်ရှိပြီး ထိုကျေးရွာကတဆင့် လွယ်ဂျယ်မြို့နှင့် ဗန်းမော်မြို့သို့လည်း သွားလာနိုင်သည်။
ထို့ပြင် အဆိုပါကျေးရွာသည် ခရီးသွားပြည်သူများနှင့် ကားသမားများ ခေတ္တရပ်နားကြသည့် ကျေးရွာလည်းဖြစ်သည်ဟု အခြားသတင်းရင်းမြစ်ဖြစ်သူ ၁ ဦးကပြော သည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပြည်သူ ၅ ဦးသည် ကားသမားမိသားစု ၃ ဦးနှင့် ကားစပယ်ယာ ၂ ဦးဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါသေဆုံးသူများသည် KIA နှင့် ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် လွယ်ဂျယ်မြို့မှရှောင်လာသည့် တပ်မိသားစုဝင်များဖြစ်သည်ဟု ပြောဆိုကြသော်လည်း ထို ပြောဆိုမှုများနှင့်ပတ်သက်၍ သံလွင်ခက်သတင်းဌာနအနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ယမန်နေ့ညကလည်း မိုးမောက်မြို့နယ် စိန်လုံတောင်နှင့် အနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မံစီမြို့နယ် ဂျန်မိုင်ကျေးရွာကိုလည်း စစ်ကောင်စီက
လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
************
Telegram– > https://t.me/newstlk/4134
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8881