ပြည်သူများကိုဗုံးကြဲနေသည့် လေတပ်စခန်းအား မြို့ပြပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်
*******
ယမင်းဖူးပွင့်အောင်
မတ် ၃၀၊ ၂၀၂၄။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်အိမ်ရာဝင်းနှင့် အင်းစိန်မြို့နယ်ရှိနေရာများအား မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံများထံကသိရသည်။
ယမန်နေ့ ည ၈ နာရီတွင် မင်္ဂလာဒုံလေတပ်အိမ်ရာဝင်းနှင့် အင်းစိန်မြို့နယ် ခရေပင်လမ်း ဒညင်းကုန်းရပ်ကွက်ရှိ အမှတ် ၁ တပ်မတော်စစ်သားစုဆောင်းရေးတပ်ဝင်းနှင့် စစ်တပ်ပိုင် ဦးပိုင်ကားဝင်း (ယာဉ်ရပ်နားစခန်းဝင်း)များကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များက ပြင်းအားမြှင့် မိုင်းများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြည်သူများအား လေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်နေသည့် လေတပ်မိသားစုဝင်များကို ပြစ်ဒဏ်ပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Dark Shadow မြို့ပြပြောက်ကျားတပ်ဖွဲ့တာဝန်ခံ ရဲဘော်အရိပ် (ပန်ဒါလေး) က သံလွင်ခက်ကို ပြောသည်။
၄င်းက “ အဓိကကတော့ လေတပ်ဝင်းကို အဓိကတိုက် ခိုက်တာဖြစ်တယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်း စိမ်ကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတဲ့ လေတပ်ဝင်းရှိ လေတပ်မိသားစုကို ပြည်သူနဲ့အတူတူ မြို့ပြပြောက်ကျားအဖွဲ့က ပြစ်ဒဏ်ပေး ပြစ်ဒဏ်ခတ်တာကို သိစေချင်တာ။ သူတို့ကိုလည်း အကြောက်တရားနဲ့ဖြစ်စေချင်တာ” ဟုဆိုသည်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရမှုများရှိသော်လည်း အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
တိုက်ခိုက်မှုအပြီးတွင် အင်းစိန် မင်းကြီးလမ်းကနေ လူနာ တင်ယာဉ်အများအပြားဖြတ်သန်းသွားခဲ့ပြီး မင်္ဂလာဒုံ ဝါယာလက်ဈေးရှေ့နှင့် အင်းစိန်မင်းကြီးလမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံကသိရသည်။
ပြီးခဲ့သည့် မတ်လ ၁၂ ရက် ည ၈ နာရီ ၄၀ မိနစ်ခန့်ကလည်း လေတပ်အရာရှိ အိမ်ရာဂိတ်နှင့် အုပ်ချုပ်ရေးမှူးရုံးကို Dark Shadow အဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။
************
Telegram– > https://t.me/newstlk/4069
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8807