ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီ ဝါဒဖြန့်
*****
သံလွင်ခက်
မတ် ၃၀ ၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ၎င်းတို့၏ ယနေ့ထုတ်သတင်းစာများတွင် ဖော်ပြသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်ခဲ့သည်။
ထို့သို့ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၃၂ ရက်အကြာတွင် ဟိုခဲဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ဆေးရုံဝန်ထမ်းအိမ်ရာ၊ ရဲစ ခန်း၊ မွေတော်ဘုရားကုန်း၊ စံဖူးကျေးရွာ၊ ကျောက္ကချားနှင့် ဘုရားဖြူလမ်းဆုံ စသည့်နေရာများကို သိမ်းပိုက်နိုင်ခဲ့ပြီး ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ သတင်းစာများတွင်ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ဆီဆိုင်မြို့သည် စစ်ပွဲဇုန်အဖြစ်သာရှိနေပြီး ပြန်လည်ထိန်းချုပ်နိုင်သည်ဆိုသည်မှာ ဝါဒဖြန့်နေခြင်းသက်သက်သာဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က သံလွင်ခက်ကိုပြောသည်။
၎င်းက ” စစ်ပွဲဇုန်ဖြစ်နေပါတယ်။ သူဝင် ကိုယ်ဝင်ပါပဲ။ စကစ က ဝါဒဖြန့်ယုံသက်သက်ပါ။ မနေ့က စကစတွေ လူထုတချို့ကို လူသားဒိုင်းလုပ်ပြီး ဓာတ်ပုံ၀င်ရိုက်တာ ကျွန်တော်တို့အတိုင်းသားတွေ့ရပါတယ်။ လူထုကို လူသားဒိုင်းလုပ်ထားလို့ ကျွန်တော်တို့ တိုက်ခိုက်မှုမပြုလုပ်တာဖြစ်ပါတယ်” ဟုဆိုသည်။
စစ်ကောင်စီတပ်က မြို့တွင်းပြန်ဝင်နိုင်ပြီဟု သတင်းအမှားဖြန့်ချိလျက်ရှိကာ ပြည်သူလူထုအနေဖြင့် စစ်ဇုန်အတွင်းဝင်ရောက်မိပါက စစ်ကောင်စီတပ်၏ လူသားဒိုင်းအဖြစ်အသုံးချခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်နိုင်သည်ဟု PNLA ကထုတ်ပြန်ထား သည်။
ဆီဆိုင်မြို့တွင်းနှင့် မြို့ပတ်ဝန်းကျင်တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီကမြို့တွင်းကို တင့်ကားများအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု PNLA ၏ ထုတ်ပြန်ချက်အရသိရသည်။
ထို့ပြင် ဆီဆိုင်မြို့တွင်းသို့ ဝင်ရောက်သည့် ပြည်သူအချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သဖြင့် ပြည်သူအချို့ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိသည်ဟု PNLA က မတ်လ ၂၇ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် PNLA ၏ သတင်းထုတ်ပြန်ချက်များကိုစောင့်ကြည့်ရန်နှင့် တရားဝင်အသိ ပေးထုတ်ပြန်ခြင်းမရှိဘဲ မြို့တွင်းသို့ဝင်ရောက်ခြင်းမပြုရန် PNLA က အသိပေးထုတ်ပြန်ထားသည်။
************
Telegram– > https://t.me/newstlk/4070
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8810