![]()
သံလွင်ခက်/မတ် ၁၁
မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေးအင်အားစုအချင်းချင်းအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများကို လက်နက်အားကိုးဖြင့် ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းသည့် မဟာမိတ်နည်းလမ်းဖြင့်သာ ဖြေရှင်းကြရန် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးက ယနေ့တွင် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။
ယခုအချိန်သည် စစ်ကော်မရှင်၏ အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းရန် အဆုံးအဖြတ်ပေးရမည့် အချိန်ဖြစ်သော်လည်း အင်အားစုအချို့အကြား မိမိတို့အဖွဲ့အစည်းအကျိုးစီးပွားကို ရှေ့တန်းတင်ကာ ရန်သူသဖွယ် ဆက်ဆံလာခြင်း၊ လူထုအပေါ် လက်နက်အားကိုး အနိုင်ကျင့်ခြင်းများ ပိုမိုတွေ့ရှိလာရကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
ထုတ်ပြန်ချက်တွင် အဓိကရန်သူမှာ အာဏာရှင်စနစ်နှင့် စစ်ကော်မရှင်သာဖြစ်ကြောင်း၊ တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားသော ပဋိပက္ခများကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းသည် ရန်သူ့ထံ လက်နက်အပ်နှံခြင်းနှင့် တူညီပြီး စစ်ကော်မရှင်၏ သက်ဆိုးရှည်စေရန်သာ အထောက်အကူပြုမည်ဖြစ်ကြောင်း သတိပေးထားသည်။

အဖွဲ့အစည်းအချင်းချင်းကြား စစ်ရေးတိုက်ပွဲများ ဖြစ်ပွားခြင်း၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားမဲ့ပြုကျင့်ခြင်းများသည် တော်လှန်ရေးအပေါ် လူထု၏ ယုံကြည်မှုကို ပျက်ပြားစေသည့် “ခပ်စိပ်စိပ်တွေ့လာရသော ဆိုးကျိုးများ” ဖြစ်သည်ဟု ဆိုသည်။
တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံက တော်လှန်ရေးအင်အားစုအချင်းချင်းကြား စစ်ရေးနည်းလမ်း လုံးဝမသုံးဘဲ မဟာမိတ်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်းရန်၊ နိုင်ငံရေးအရ တန်းတူမှုရှိသည့် ဘုံသဘောထားနှင့် ရှင်းလင်းသော မူဝါဒများအပေါ် အခြေခံသည့် တပ်ပေါင်းစုတစ်ရပ်ကို အလျင်အမြန် တည်ဆောက်ရန်၊ ပဋိပက္ခများကြောင့် လူထုအပေါ် ထိခိုက်နစ်နာစေသည့် လုပ်ရပ်များကို အမြန်ဆုံး ဖြေရှင်းပေးရန် စသည့် အချက် ၃ ချက်ကို အလေးအနက် တောင်းဆိုထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအနေဖြင့် မဟာမိတ်ဆက်ဆံရေးဆိုင်ရာ မူဝါဒများကို တိကျစွာ ချမှတ်လုပ်ဆောင်ပေးရန်လည်း တိုက်တွန်းထားသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ကျောင်းသားနှင့် လူငယ်အဖွဲ့အစည်းများ၊ အထွေထွေသပိတ်နှင့် မြေပြင်လှုပ်ရှားမှုကော်မတီများ၊ အမျိုးသမီးနှင့် လူမှုရေးအဖွဲ့အစည်းများ (Women & Social Groups)၊ Burma Women’s Union (BWU – မြန်မာနိုင်ငံအမျိုးသမီးသမဂ္ဂ)၊ အလုပ်သမားနှင့် ပညာရေး အဖွဲ့များ၊ နိုင်ငံတကာနှင့် မဟာမိတ်အဖွဲ့အစည်းများ အပါအဝင် အဖွဲ့စည်း ၄၀ ကျော် ပါဝင်တောင်းဆိုထားသည်ကို တွေ့ရသည်။
