ဓမ္မသရွာမီးလောင်တိုက်သွင်းခံရမှုကြောင့် စစ်ကောင်စီကိုအမြစ်ပြတ်ချေမှုန်းမည်ဟု မွန်အဖွဲ့များပြော
*******
သဇင်
မတ်လ ၂၈၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာအား မီးလောင်တိုက်သွင်းဖျက်ဆီးနေသည့်စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များထံက သိရသည်။
မတ်လ ၂၇ ရက် ညနေပိုင်းကစ၍ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာကို လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း တို့ကနေ လက်နက်ကြီးများဖြင့် စစ်ကောင်စီကပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိနေအိမ်အများအပြား မီးလောင်ပြာကျခဲ့ရသည်။
ကော့ဘိန်းစခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအနီးရှိ ဂျိုင်းမြစ်တွင်တပ်စွဲထားသည့် စစ်ကောင်စီစစ်သင်္ဘောက ဓမ္မသကျေးရွာနှင့် အနီးဝန်းကျင်ရှိကျေးရွာများအား ကြည်းတပ်၊ ရေတပ်တို့ဖြင့် လက်နက်ကြီးများပစ်ခတ်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါလုပ်ဆောင်နေသည့်အတွက် ရွာပေါင်း ၁၀ ရွာခန့်က စစ်ဘေးရှောင်ပြည်သူ ၆,၀၀၀ ကျော် ဒုက္ခရောက်နေရသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီက ယမန်နေ့ မတ်လ ၂၈ ရက်တွင်ထုတ်ပြန်ထားသည်။
ကြည်း၊ ရေ၊ လေတပ်များဖြင့် ဓမ္မသကျေးရွာပြည်သူများအား ရည် ရွယ်ချက်ရှိရှိ ရန်ရှာပစ်ခတ်နေခြင်းသည် မွန်ဒေသအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် စစ်ကောင်စီက စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည် ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်း က ပြောသည်။
“ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မွန်အဖွဲ့တွေကြားထဲမှာ အသိတစ်ခုတော့ရှိသွားတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွတ်ဖို့လိုလာပြီ။ ဒီလိုဖိနှိပ်မှုတွေလုပ်လိုက်တိုင်း ကျွန်တော်တို့တွေ နောက်ဆုတ်သွားမှာမဟုတ်ဘူး။ တော်လှန်ရေးက ဒီထက်ပိုပြီးကြီးထွားလာဖို့ပဲရှိတော့တယ်” ဟု နိုင်မွန်စိုင်း က ပြောသည်။
မွန်ဒေသအတွင်း စစ်ရာဇဝတ်မှုပြောင်ပြောင်တင်းတင်းကျူးလွန်နေသည့်စစ်ကောင်စီအား ပြိုင်တူအင်အားဖြင့် တတ်နိုင်သည့်နေရာက ပူးပေါင်းတိုက်ထုတ်ရန်လိုအပ်သည် ဟု ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က တိုက်တွန်းထားသည်။
ရေးဘီလူးတပ်ခေါင်းဆောင်က” မွန်ပြည်နယ်က ပြည်သူလူထုအပေါင်းတို့. . ကျွန်တော်တို့နိုးထရမယ့်အချိန်ရောက်ပြီ။ ပြိုင်တူတွန်းကြမယ်၊ စစ်တိုက်မှစစ်သားမဟုတ်ဘူး။ ကိုယ်လုပ်နိုင်စွမ်းရှိတဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ကြပါ”ဟု ဆိုသည်။
ထိုနည်းတူ မွန်လူမျိုးများအနေဖြင့် ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန် အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားဖြင့်ချေမှုန်းပါက စစ်အာဏာ ရှင်ကို အပြီးသတ်တိုက်ထုတ်နိုင်မည်ကိုယုံကြည်သည်ဟု မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့ကလည်း မတ်လ ၂၈ ရက်တွင်ထုတ်ပြန်ထားသည်။
မွန်ပြည်သစ်ပါတီ (အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က “မိမိတို့လူမျိုးနှင့် မိမိတို့ဒေသတွင်းနေထိုင်ကြသည့်ပြည်သူများအား အကာအကွယ်ပေးနိုင်ရေးနှင့် မွန်လူမျိုးများ၏ကြမ္မာကို မွန်လူမျိုးများဖန်တီးနိုင်ရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မွန်လူမျိုးများအနေဖြင့် ဝမ်းနည်းပူဆွေးနာကျည်းမှုကို ခွန်အားအဖြစ်ပြောင်းလဲပြီး စုပေါင်းအင်အားဖြင့် အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနိုင်မည်ဟု အပြည့်အဝယုံကြည်ပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီရန်ကြောင့် အိုးအိမ်မဲ့ဖြစ်သွားသည့် ဓမ္မသရွာဒေသခံများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒေသခံများအား နိုင်ငံ တကာအဖွဲ့အစည်းများက အကူအညီပေးရန်တိုက်တွန်းထားပြီး မွန်အဖွဲ့အစည်းများကလည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးနိုင်ရန် ပြင်ဆင်နေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်း က ပြောဆိုထားသည်။
ဓာတ်ပုံ-ပေးပို့။
ပုံစာ – နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဓမ္မသကျေးရွာဒေသခံများ။
************
Telegram– > https://t.me/newstlk/4050
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8784