![]()
သံလွင်ခက်/မတ်လ ၁၁။ ဓါတ်ပုံ – Thai PBS
အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အိန္ဒိယနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာသည့် ထိုင်းကုန်တင်သင်္ဘော “မယုရီနာရီ” (Mayuree Naree) သည် ယနေ့ မတ်လ ၁၁ ရက်တွင် ဟော်မုဇ်ရေလက်ကြားအနီး အာရပ်ပင်လယ်ပြင်အတွင်း လက်နက်ကိုင်အဖွဲ့တစ်ခု၏ အပြင်းအထန် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုကြောင့် သင်္ဘော၏အနောက်ပိုင်း အင်ဂျင်ခန်းကို တိုက်ရိုက်ထိမှန်ခဲ့ပြီး ပြင်းထန်သော မီးလောင်မှုဖြစ်ပွားကာ စက်ရပ်သွားခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်ကြောင့် သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ထိုင်းသင်္ဘောသား ၂၃ ဦးသည် အသက်ဘေးနှင့် ရင်ဆိုင်ခဲ့ရပြီး သင်္ဘောကို စွန့်ခွာခဲ့ကြရသည်။
ထိုင်းဘုရင့်ရေတပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် Parat Rattanachaiyaphan ၏ ထုတ်ပြန်ချက်အရ လက်ရှိတွင် အိုမန်ရေတပ်က သင်္ဘောသား ၂၀ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အိုမန်နိုင်ငံ၊ Khasab မြို့သို့ ဘေးကင်းစွာ ပို့ဆောင်ထားပြီဖြစ်သည်။
သို့သော်လည်း ကျန်ရှိနေသည့် သင်္ဘောသား ၃ ဦးမှာမူ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ပြီး ၎င်းတို့ကို အမြန်ဆုံးရှာဖွေ ကယ်ဆယ်နိုင်ရန် ထိုင်းရေတပ်နှင့် အိုမန်အာဏာပိုင်များ အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဗြိတိန်ရေကြောင်းကုန်သွယ်မှုအဖွဲ့ (UKMTO) ၏ နောက်ဆုံးရသတင်းများအရ သင်္ဘောပေါ်ရှိ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်သော်လည်း သင်္ဘောမှာ အပြင်းအထန် ပျက်စီးသွားခဲ့သည်။
ယနေ့တွင် “မယုရီနာရီ” အပြင် အခြားနိုင်ငံတကာသင်္ဘောများပါ တိုက်ခိုက်ခံနေရသဖြင့် ဒေသတွင်း ရေကြောင်းတင်းမာမှုများ အထူးမြင့်တက်နေသည်။
ထိုင်းအစိုးရနှင့် ရေတပ်အနေဖြင့် ပိတ်မိနေသည့် သင်္ဘောသားများအားလုံးကို ဘေးကင်းစွာ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် နိုင်ငံတကာရေကြောင်းလုံခြုံရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်နေကြောင်း သိရသည်။

ကိုးကား- Thai PBS
