![]()
သံလွင်ခက်/မတ် ၁၁။
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်းရှိ အဝေးပြေးလမ်းမကြီးများနှင့် စည်ပင်သာယာနယ်နိမိတ်များတွင် လမ်းစည်းကမ်းဖောက်ဖျက် မောင်းနှင်နေသည့် လျှပ်စစ်စက်ဘီး (E-bike) များကို မဲဆောက်မြို့မရဲစခန်းက ယနေ့တွင် စတင်ဖမ်းဆီး အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို မဲဆောက်မြို့မရဲစခန်း ရဲမှူးကြီး ရန်ဒေါင်ဒင်း (Pol. Col. Rang Daowadeung) ၏ ကြီးကြပ်မှုဖြင့် လမ်းကြောင်းထိန်းရဲတပ်ဖွဲ့က မြို့တွင်းနေရာအနှံ့အပြားတွင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမှုအတွင်း လမ်းစည်းကမ်းနှင့်အညီ မဟုတ်ဘဲ မောင်းနှင်နေသည့် လျှပ်စစ်စက်ဘီး (E-bike) ၇ စီးကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့သည်။

ယခုကဲ့သို့ စစ်ဆေးအရေးယူရခြင်းနှင့် ပတ်သက်၍ မဲဆောက်မြို့မရဲစခန်းက “လမ်းအသုံးပြုသူ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အလေးထားသည့်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ လမ်းမများပေါ်တွင် ဥပဒေနှင့်မညီသော ယာဉ်များကြောင့် ဖြစ်ပွားနိုင်သည့် ယာဉ်မတော်တဆမှုများကို လျှော့ချရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် ဥပဒေအတိုင်း ဆက်လက်ကျပ်မတ်သွားမည်ဖြစ်သည်” ဟု ပြောထားသည်။
ထို့ကြောင့် မဲဆောက်မြို့တွင်း နေထိုင်သူ ရွှေ့ပြောင်းမြန်မာများအနေဖြင့် မိမိတို့၏ လျှပ်စစ်စက်ဘီး (E-bike) များ အသုံးပြုရာတွင် သက်ဆိုင်ရာ ဥပဒေ၊ စည်းကမ်းများကို လိုက်နာရန်နှင့် လမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့စီးနင်းမှုများအတွက် အရေးယူမှုများရှိလာနိုင်သဖြင့် အထူးသတိပြုကြရန် အသိပေးအပ်ပါသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် E-bike များကို သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ထားပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်သည်။
#E-bike #မဲဆောက် ရဲတပ်ဖွဲ့ ဖမ်းဆီးအရေးယူ# #ThanLwinKhetNews
