![]()
နှောင်း/မတ် ၁၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က ၄ ရက်ဆက်တိုက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ရာ ထွက်မပြေးနိုင်သည့် သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ၄ ရက်တာအတွင်း မြင်းခြံမြို့နယ်အတွင်းရှိ တောင်ကျွန်း၊ မြောက်ကျွန်း၊ နယ်ခြား၊ သင်္ဘောတင်၊ ကမ်းပါးနီနှင့် ပြည်တော်သာကျေးရွာများကို စစ်ကော်မရှင်တပ်က အစဉ်လိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က မီးသေနတ်များအသုံးပြုကာ တစ်ရွာလုံး ပြာပုံဖြစ်သည်အထိ ရှို့ခဲ့ခြင်းဖြစ်သည်။
“တောင်ကျွန်း၊ မြောက်ကျွန်း၊ နယ်ခြား၊ သင်္ဘောတင်၊ ကမ်းပါးနီ၊ ပြည်တော်သာ အဲ့ရွာတွေက အခု ၃ ရက်၊ ၄ ရက်အတွင်း ဆက်တိုက်ရှို့တာ။ တိုက်ပွဲစစ်ရေး ဘာညာမရှိဘူး၊ အကုန်ရွာလုံးကျွတ် ပြာပုံအနေအထားပဲ” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မီးရှို့မှုအတွင်း ထွက်မပြေးနိုင်ဘဲ ပိတ်မိကျန်ခဲ့သည့် သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံးခဲ့ရပြီး လက်ရှိတွင် အဆိုပါကျေးရွာများအတွင်း စစ်ကော်မရှင်စစ်ကြောင်းများ ဆက်လက်တပ်စွဲထားဆဲဖြစ်သဖြင့် သေဆုံးသူဦးရေမှာ ယခုထက် ပိုမိုများပြားနိုင်ခြေရှိသည်ဟု သိရသည်။
ထို့အပြင် ယမန်နေ့ မတ်လ ၁၀ ရက် ညပိုင်းတွင်လည်း မြင်းခြံမြို့နယ်၊ တလုတ်မြို့ (မြို့မ) ရွာအတွင်းရှိ နေအိမ်များကို စစ်ကော်မရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့သည်။
လက်ရှိတွင် ဧရာဝတီမြစ်ကြောင်းအတွင်းရှိ မြေတော်ရွာအနီး၌ စစ်ကော်မရှင်စစ်သင်္ဘောတစ်စီး ကျောက်ချရပ်နားထားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးထားသည်။
မြင်းခြံမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့ကလည်း ညောင်ဝန်းရွာနှင့် သက္ကယ်ကျင်းရွာတို့ကို အင်အား ၁၅၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းက မီးရှို့ခဲ့သဖြင့် သက္ကယ်ကျင်းရွာမှ အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦး မီးလောင်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့ဖူးသည်။