![]()
သံလွင်ခက်/မတ် ၁၂
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့သည် ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ဆိုင်ရာ အရေးကြီးသဘောတူညီချက် ၉ ရပ်ကို ချမှတ်နိုင်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
မတ်လ ၁၀ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ပြုလုပ်ခဲ့သည့် အဆိုပါဆွေးနွေးပွဲ၌ အနာဂတ်ဖက်ဒရယ်စနစ်၏ အခြေခံမူများဖြစ်သော အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အာဏာခွဲဝေကျင့်သုံးမည့် ရှေ့ဆက်လုပ်ငန်းစဉ်များကို နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေးသို့ NUG အစိုးရဘက်မှ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ဝန်ကြီးချုပ် ဦးစိုးဦး ဦးဆောင်သည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ရှေ့နေချုပ်တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
NUG ၏ ထုတ်ပြန်ချက်အရ ယခုတွေ့ဆုံမှုတွင် လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းနှင့် စပ်လျဉ်း၍ သဘောတူညီချက် ၉ ရပ်ကို အတည်ပြုနိုင်ခဲ့သည့်အပြင်၊ ကျန်ရှိနေသေးသည့် ကဏ္ဍရပ်များတွင် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်ချက်များကိုပါ ထည့်သွင်းဆွေးနွေးနိုင်ခဲ့သည်။
ယခုဆွေးနွေးပွဲသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမအကြိမ် တွေ့ဆုံမှုအပြီး တစ်လကျော်အကြာတွင် ပေါ်ပေါက်လာသည့် ဒုတိယအကြိမ်မြောက် အာဏာခွဲဝေရေးဆိုင်ရာ ညှိနှိုင်းမှုတစ်ခုလည်း ဖြစ်သည်။
