ရန်ကုန်တိုင်းရှိလူငယ်များ စစ်မှုထမ်းရန်ဝင်ရောက်လာဟု စစ်ကောင်စီမီဒီယာများဝါဒဖြန့်
*******
ယမင်းဖူးပွင့်အောင်
မတ် ၂၉၊ ၂၀၂၄။
ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များကလူငယ်များ ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ဝင်ရောက်လာကြပြီဖြစ်သည်ဟု စစ်ကောင်စီမီဒီယာများတွင် ဝါဒဖြန့်ရေးသားဖော်ပြနေကြသည်။
စစ်မှုထမ်းဥပဒေလုပ်ငန်းစဉ်များကို သင်္ကြန်အပြီးစတင်အကောင် အထည်ဖော်မည်ဟု စစ်ကောင်စီဘက်ကပြောဆိုထားသော်လည်း သတ်မှတ်ရက်ထက်စော၍ စစ်ကောင်စီကဆောင်ရွက်နေခြင်းဖြစ် သည်။
မတ်လအစောပိုင်းကစတင်၍ စစ်ကောင်စီအပြည့်အဝထိန်းချုပ်ရာမြို့များတွင် ရပ်ကွက်အလိုက် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် စာရင်းကောက်ခံခြင်းများပြုလုပ်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရောက်ရန် ပထမဆုံးခေါ်ယူမည့်အပတ်စဥ်တွင် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်လိုသူများသာပါဝင်မည်ဖြစ်သည်ဟု စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်း က မတ်လ ၂၇ ရက်က နေပြည်တော်၌ကျင်းပသည့် ၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။
“ပထမဦးဆုံးအသုတ်ဖွင့်တဲ့နေရာမှာ သူတို့ကိုယ်တိုင်ဆန္ဒပြုတဲ့သူတွေပဲ တက်လိမ့်မယ်။ လူဦးရေ ဘယ်လောက်ရှိလဲ၊ ဘယ်လောက်တက်ကြွလဲဆိုတာ ကျွန်တော်လက်တွေ့ပြမယ်” ဟုဆိုသည်။
အပတ်စဉ် ၁ ခုလျှင် လူ ၅,၀၀၀ နှုန်းဖြင့် လာမည့် ဧပြီလသင်္ကြန်အပြီးတွင် စတင်အကောင်အထည်မည်ဖြစ်ပြီး ၁ နှစ်လျှင် လူဦးရေ ၅၀,၀၀၀ ထက် ပို၍ခေါ်ယူရန်မရှိကြောင်းလည်း စစ်ကောင်စီပြောခွင့်ရက ဆိုသည်။
************
Telegram– > https://t.me/newstlk/4045
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8781