အရေးပေါ် ခွဲစိတ်မှုပြုလုပ်ရ၍ ယနေ့ ONE ပွဲစဥ် သန့်ဇင် မယှဥ်ပြိုင်နိုင်
************************
သံလွင်ခက်
မတ် ၂၉ ၊ ၂၀၂၄ ။
ယနေ့ ညပိုင်းတွင် ONE Friday Fights 57 ပြိုင်ပွဲ၌ ယှဥ်ပြိုင်ထိုးသတ်သွားမည့် မြန်မာ့ရိုးရာလက်ဝှေ့သမား သန့်ဇင်သည် အရေးပေါ်ခွဲစိတ်မှုပြုလုပ်ရသောကြောင့် အဆိုပါပွဲစဥ်အား ယှဥ်ပြိုင်နိုင်ခြင်းမရှိဟု သိရသည်။
ယနေ့ မတ်လ ၂၉ ရက်၊ ညပိုင်းတွင် ထိုင်းနိုင်ငံ၌ ယှဥ်ပြိုင်ရမည့် ONE Friday Fights 57 ပွဲစဥ်တွင် သန့်ဇင်သည် ထိုင်းလက်ဝှေ့သမား တိုင်းနှင့် ယှဥ်ပြိုင်ရမည်ဖြစ်ပြီး ယမန်နေ့ ညပိုင်း၌ ဗိုက်အရမ်းအောင့်လာသဖြင့် ဘန်ကောက်တွင် အရေးပေါ် ခွဲစိတ်မှုပြုလုပ်ရခြင်းဖြစ်သည်။
” စဖြစ်တာက ညက ၂ နာရီလောက်က ဗိုက်အောင့်တာ။ မသက်သာတဲ့အဆုံးဆေးရုံသွားတယ်။ ဆေးရုံကသူ့ကိုခွဲရမယ်ပြောတယ်။ အခုနေ့လည် ၁၁ နာရီ အော်ပရေးရှင်းစလုပ်မယ်။ ခွဲခန်းထဲတော့ သန့်ဇင်ကရောက်နေပြီ “ဟု သန့်ဇင်နှင့်နီးစပ်သည့် ကိုဖြိုးက နံနက် ၁၀ နာရီခွဲကျော်အချိန်၌ ပြောသည်။
သန့်ဇင်သည် အူအတက်ပေါက်ခြင်းဖြစ်ပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း ဆရာဝန်က ဆေးရုံစတက်ကတည်းပြောသည်ဟု ၎င်းကပြောသည်။ သို့သော်လည်း ခွဲစိတ်မှုပြီးလျှင် အချိန် ၅ လခန့် နားပြီးမှ လက်ဝှေ့ကောင်းကောင်းပြန်ထိုး၍ ရမည်ဟု ထိုင်းဆရာဝန်က ပြောသည်။
ONE Friday Fights 57 ပြိုင်ပွဲတွင် သန့်ဇင်ပွဲပျက်ခဲ့သော်လည်း မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စိုးလင်းဦးနှင့် မိုးထက်အောင်တို့က ကြိုတင်ကြေညာထားသည့်အတိုင်း ယှဥ်ပြိုင်ကြမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် စိုးလင်းဦးက ပေါ်တူဂီဖိုက်တာ ဖေဘီယိုရိစ်နှင့်ထိုးသတ်ရမည်ဖြစ်ပြီး မိုးထက်အောင်ကဂျပန်ဖိုက်တာ တိုမိုယာမာရူယာမာနှင့်ထိုးသတ်ရမည်ဖြစ်သည်။
************
Telegram– > https://t.me/newstlk/4044
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8778