လေတပ်စခန်းဌာနချုပ်ရှိရာ မကွေးတိုင်းတွင် စစ်ကောင်စီ နှင့် AA တို့ တိုက်ပွဲ ၂ ကြိမ်ဖြစ်
*******
ခင်သရဖီဦး
မတ်လ ၂၉၊ ၂၀၂၄။
စစ်ကောင်စီ၏ လေတပ်စခန်းဌာနချုပ်တည်ရှိရာ မကွေးတိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA တို့ မတ်လ ၂၆ ရက်နှင့် ၂၈ ရက်များတွင် ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ကြောင်း AA က မတ်လ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာအရှေ့မြောက်ဘက် မီတာ ၁,၅၀၀ အကွာနှင့် ချောင်းဖျားရွာတောင်ဘက် မီတာ ၇၀၀ ခန့်အကွာတောင်ကြော၌ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ၁၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း AA ကထုတ်ပြန်သည်။
” မတ်လ ၂၆ ရက်၊ နံနက် ၁၀ နာရီ ၄၈ မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တုံးကြီးကျေးရွာ၏ အရှေ့ မြောက်ဘက် မီတာ ၁,၅၀၀ ခန့်အကွာ၌ အကြမ်း ဖက်စစ်ကောင်စီတပ်၏ အင်အား ၄၀ ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီ ဘက်က မျက်မြင် ၄ ဦး ကျဆုံးခဲ့ပြီး ၈ ဦးခန့် ဒဏ်ရာရရှိခဲ့သည်” ဟု AA ထုတ်ပြန်ထားသည်။
ယင်းအပြင် ” မတ်လ ၂၈ ရက်၊ နံနက် ၈ နာရီ ၅၈ မိနစ်အချိန်တွင် မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ချောင်းဖျားရွာ၏ တောင်ဘက်မီတာ ၇၀၀ ခန့်အကွာတောင်ကြော၌ ရန်သူ အင်အား ၅၀ ဦးခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ မိနစ်အနည်း ငယ်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်က မျက်မြင် ၆ ဦး ကျဆုံးကာ ဒဏ်ရာရရှိသူ ၁၀ ဦးခန့် ရှိခဲ့ သည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။
အဆိုပါတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။
မကွေးတိုင်းတွင် စစ်ကောင်စီတပ်နှင့် AA ပါဝင်သည့်ပူးပေါင်းတပ်များ မကြာ ခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိသည်။
မကွေးတိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်ရင်းများ ၊ ဒေသခံကာကွယ်ရေးတပ်များ၊ AA ရွေ့လျားတပ်ဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင်လည်း AA နှင့် စစ်ကောင်စီတပ်သည် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ မြေပုံ စသည့် မြို့နယ် များတွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ – Golden Eagle Myaylatt
************
Telegram– > https://t.me/newstlk/4043
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8776