လွယ်ဂျယ်မြို့ကို KIA ထိန်းချုပ်
*******
ထွယ်
မတ် ၂၉၊ ၂၀၂၄။
လွယ်ဂျယ်မြို့အနီးရှိ ယောရုံတောင် – Yaw Yung Bum နှင့် ၎င်းစခန်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လွယ်ဂျယ်မြို့ကိုထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံများထံက သိရသည်။
လွယ်ဂျယ်မြို့တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းကတပ်သားများသည် ၎င်းတို့တိုက်ခိုက်ခြင်းမရှိဘဲ စခန်းစွန့်ခွာရန် KIA ထံ ခွင့်ပြုချက်တောင်းခံလျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ်နှင့် နီးစပ်သည့် ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “လွယ်ဂျယ်ရဲစခန်းကသူတွေက ထွက်ပြေးသွားတာ ကြာပြီ။ အခုက စစ်တပ်တစ်ခုပဲ ရှိတော့တာ။ သူတို့ ထွက်ချင်နေကြတယ်။ သူတို့ မပစ်ဘဲ ထွက်ပေးမယ်လို့ ပြောထားတာတဲ့။ အခုမနက်ထိတော့ အထဲကနေ သူတို့ချည်းပစ်နေကြတာ” ဟု ပြောသည်။
လွယ်ဂျယ်မြို့တွင်ရှိသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအချို့မှာလည်း ယနေ့နံနက်တွင် တရုတ်ပြည်သို့ ထွက်ပြေးသွားကြသည်ဟု ဒေသခံများထံကသိရသည်။
လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအနီးနေထိုင်သည့် ဒေသခံများနှင့် ရပ်ကွက်အချို့က ဒေသခံများသည် ယမန်နေ့ညနေကစတင်၍ နေရပ်စွန့်ခွာကာ တိုက်ပွဲတိမ်းရှောင်လျက်ရှိသည်ဟု လွယ်ဂျယ်မြို့ရှိ ဒေသခံ အမျိုးသား ၁ ဦးက ပြောသည်။
လွယ်ဂျယ်မြို့သည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ မြို့တစ်မြို့ဖြစ်ကာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့ဖြစ်သည်။
အဆိုပါ လွယ်ဂျယ်မြို့သည် မြန်မာ – တရုတ်နိုင်ငံကြား ကူးသန်းကုန်သွယ်ရန် ၂၀၀၂ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်တည်ရှိရာ မြို့လည်းဖြစ်သည်။
KIA နှင့် ပူးပေါင်းတပ်သည် မိုးမောက်နှင့် လွယ်ဂျယ်လမ်းတကြောရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည်မှာ ၂ ပတ်ခန့်ရှိနေပြီဖြစ်ပြီး စစ်ကောင်စီက နှစ်ပေါင်း ၄၀ ခန့် တပ်စွဲခဲ့သည့် ယောရုံတောင် – Yaw Yung Bum တပ်စခန်းကို ယမန်နေ့တွင် အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် KIA ပူးပေါင်းတပ်က မြစ်ကြီးနား – ဗန်းမော်ကားလမ်းပေါ်ရှိ ဗျူဟာမြောက်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီး မိုးမောက်မြို့နယ် စင်လွမ်တောင် – Sin Lum Bum တွင်တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
************
Telegram– > https://t.me/newstlk/4041
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8770