လက်ဖက်ခူးသူအရေအတွက်လျော့နည်းလာသဖြင့် လက်ဖက်အရေအသွေးကောင်းရရန်ခက်ခဲနေ
*******
ယမင်းဖူးပွင့်အောင်
မတ် ၂၈၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသတွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် ယခုနှစ်တွင် လက်ဖက် ခူးသူအရေအတွက် လျော့နည်းလာသည်ဟု ဒေသခံများထံက သိရသည်။
လက်ဖက်ခူးသူအရေအတွက်လျော့နည်းလာခြင်းကြောင့် လုပ်သား မလုံလောက်မှုများရှိနေပြီး လက်ဖက်အရည် အသွေးကောင်းချိန်တွင် ခူးယူရန်အခက်အခဲများရှိနေသည်ဟု ကျောက်မဲမြို့နယ် လက်ဖက်စိုက်ပျိုးသူ အမျိုးသား ဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “နေရာတိုင်းလိုလိုပါပဲ။ လက်ဖက်ခူးတဲ့လုပ်သားဦးရေ နည်းလာတယ်။ နိုင်ငံရေးမတည်ငြိမ်တာရယ် တိုက် ပွဲတွေရယ်၊ အကြောင်းအမျိုးမျိုးကြောင့်ရယ် တော်ရုံတန်ရုံလည်းမလာရဲဘူးပေါ့။ ကိုယ့်ရွာနဲ့ကိုယ်ရှိတဲ့လူဦးရေနဲ့ပဲ ခူးရတဲ့အခါကျတော့ တချို့ဟာတွေလည်း ခူးမနိုင်ဘူး။ လက်ဖက်က ကြမ်းသထက်ကြမ်းလာရင် အရည်အသွေးက မကောင်းတော့ဘူးလေ”ဟုပြောသည်။
လက်ဖက်ခူးချိန်သည် ပုံမှန်အားဖြင့် မတ်လ ကနေ မေလပထမပတ်အထိဖြစ်ပြီး တအာင်းလူမျိုးများက “ရွှေ ရောင်ကာလ” ဟုရည်ညွန်းလေ့ရှိကြသည်။
ပုံမှန်အားဖြင့် လက်ဖက်ရွက်ဖားလာလျှင် လက်ဖက်အရည်အသွေးကျဆင်းတတ်ပြီး လက်ဖက်နုများကသာ အရည်အသွေးကောင်းသည်ဟုလည်း ၎င်းကဆက်ပြောသည်။
“လက်ဖက်ဖားတာ၊ မဖားတာပေါ်မူတည်တယ်ပေါ့။ ဖားတယ်ဆိုတာက တောင်ပေါ်အခေါ်အဝေါ်။ ခူးသားလူဦး ရေမရှိဘူး။ မခူးနိုင်ဘူးဆိုရင် လက်ဖက်က တဖြည်းဖြည်း ရွက်ကြမ်းလာတာ၊ ရွက်ဖားလာတာပေါ့။ ရွက်ဖားလာပြီ ဆိုရင် အရည်အသွေးကမကောင်းတော့ဘူးလေ။ လက်ဖက်နုနုလေးခူးနိုင်ရင်တော့ အရည်အသွေးကောင်းတာ ပေါ့” ဟုဆိုသည်။
နမ့်ဆန်မြို့နယ် ကွမ်းဟယ်မြို့တွင် လက်ဖက်စိမ်း ၁ ပိဿာ ကို အမြင့်ဆုံးဈေး ၃,၇၀၀၊ အခြားမြို့များတွင် ၃,၅၀၀ နှင့် ကွမ်းဟယ်တွင် လက်ဖက်ခြောက် ၁ ပိဿာကို ၁၆,၀၀၀၊ အခြားမြို့များတွင် ၁၅,၀၀၀ ဖြင့် တောင်သူများထံက ဝယ်ယူရန် ပလောင်လက်ဖက်စိုက်ပျိုးရောင်းချသူများအသင်းက ယမန်နေ့တွင် ဈေးနှုန်းသတ်မှတ်ပေးထားသည်။
မိုးကျလျှင် လက်ဖက်အရည်အသွေးလည်းကျတတ်သောကြောင့် လက်ဖက်ဈေးနှုန်းအပြောင်းအလဲရှိနိုင်သည်ဟု နမ့်ဆန်မြို့နယ် လက်ဖက်စိုက်တောင်သူ ၁ ဦးက ဆိုသည်။
၎င်းက “မိုးမကျခင်အထိ ဈေးကောင်းတယ်။ စထွက်တဲ့အချိန်လည်းဖြစ်တော့ လက်ဖက်ရဲ့အဆီအနှစ်လည်း မကျ ဘူးပေါ့။ အနံ့တွေရော၊ သူ့ရဲ့အရသာရောကောင်းတယ်။ မိုးကျလာတော့ လက်ဖက်ရင့်တာရော အရသာလည်း နည်းနည်းကွာတာပေါ့” ဟုဆိုသည်။
နမ့်ဆန်မြိုတွင် လက်ဖက်စိုက်ပျိုးခြင်းကို အဓိကစီးပွားရေးအဖြစ် လုပ်ကိုင်ကြသည်။
ယခုအချိန်တွင် လက်ဖက်ဈေးကောင်း၍ စားဝတ်နေရေးအဆင်ပြေသော်လည်း မိုးကျလျှင် လက်ဖက်ဈေးကျမည် ဖြစ်ကာ တောင်ပေါ်ဒေသဖြစ်သည့်အတွက် လမ်းပိတ်ကာ ဆန်ဈေးတက်မည့်အရေးကို တွေးပူနေရသည်ဟု ဒေသခံများက ဆိုကြသည်။
လွန်ခဲ့သည့်နှစ်က လက်ဖက်စိမ်း ၁ ပိဿာကို ၂,၀၀၀ ကျပ်သာရရှိသဖြင့် ယခုနှစ် လက်ဖက်ဈေးကောင်းရသည် ဟုဆိုနိုင်သော်လည်း ကုန်ဈေးနှုန်းသည် ယခင်နှစ်ကထက် ၂ ဆခန့်မြင့်တက်လာသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ပြည်ပနိုင်ငံသို့ထွက်ခွာသည့် လူငယ်အရေအတွက် များပြား လာပြီး မြန်မာနိုင်ငံတွင် လုပ်သားအင်အားဆုံးရှုံးနေရသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – နမ့်ဆန်မြို့ လက်ဖက်စိုက်ခင်းမြင်ကွင်း။
************
Telegram– > https://t.me/newstlk/4030
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8745