မွန်ပြည်နယ် ဓမ္မသရွာတွင် နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျ ၊ စစ်ကောင်စီက လက်နက်ကြီးဖြင့် ဆက်ပစ်နေ
*******
သဇင်
မတ် ၂၈ ရက်၊ ၂၀၂၄။
မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့သဖြင့် နေအိမ် ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ယနေ့ မတ်လ၂၈ ရက် နေ့လယ်ပိုင်းတွင်လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေ သည်ဟု ဒေသခံများထံက သိရသည်။
ကျိုက်မရောမြို့နယ်၊ ဓမ္မသရွာအား ယမန်နေ့ မတ်လ ၂၇ ရက် ညနေပိုင်းတွင် ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီရေ တပ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ နေအိမ်အများအပြားမီးလောင်ခဲ့ပြီး ၄ နာရီ ကြာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု ဒေသခံ ၁ ဦးကပြောသည်။
၎င်းက “မနေ့က လက်နက်ကြီးကျလို့ အိမ်တွေကွက်ပြီးလောင်တာ။ လမ်းတော်တော်များများပါတယ်။ လေ ကြောင်းက လာတော့ဝဲတယ်။ မပစ်ဘူး။ မီးလောင်တာအရမ်းပြင်းတော့ အိမ်ခြေလည်းမရေနိုင်ပါဘူး။ ၃၀၀ တော့ ကျော်မယ်ထင်တယ်။ ညနေ ၄ နာရီလောက်ကနေ ည ၈ နာရီလောက်ထိ မီးနည်းနည်းငြှိမ်းပြီး ကျွန်တော်တို့ရှောင် နေလိုက်ရတယ် ” ဟုပြောသည်။
မီးငြှိမ်းသတ်နေစဉ်အတွင်း ဒေသခံ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ၎င်းကဆိုသည်။
ယနေ့မတ်လ ၂၈ရက် မနက် ၁၀ နာရီခန့်တွင် ဓမ္မသကျေးရွာအား လက်နက်ကြီး ၁ ကြိမ်ပစ်ခတ်ခဲ့ပြီး နေ့လယ် ၁၂ နာရီကျော်တွင်လည်း လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်နေသည့်အတွက် ထိခိုက်ဒဏ်ရာရှိသူအချို့ရှိနေသည်ဟု အဆိုပါဒေသခံကပြောသည်။
“ကျွန်းထဲမှာရှောင်နေရင်း ဒေသခံ ၁ ဦး လက်နက်ကြီးထိတယ် ။ ရွာထဲပိတ်မိနေတဲ့ ကလေးတွေ၊ လူကြီးတွေ လည်းရှိသေးတယ် ။ စားစရာသောက်စရာ ဘာမှမရှိဘူး” ဟု၎င်းကပြောသည်။
ဓမ္မသကျေးရွာသည် အိမ်ခြေ ၁,၀၀၀ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး လက်ရှိမှာတော့ အိမ်ခြေ ၃၀၀ ကျော် မီးလောင် ဆုံးရှုံးထားကာ လူဦးရေ ၃,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။
ဓာတ်ပုံ – Htet Naing Lin
ပုံစာ-ဓမ္မသရွာတွင် မီးငြှိမ်းသတ်နေသည့်မြင်ကွင်း။
************
Telegram– > https://t.me/newstlk/4031
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8748