ထောင်ပြင်ခေါ်ထုတ်ကာ သတ်ဖြတ်ခံရသည့် နိုင်/ကျဉ်း ၂ ဦးတွင် ၁ ဦးပျောက်ဆုံးနေ
*******
သဇင်
မတ် ၂၈၊ ၂၀၂၄။
ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းချခံထားရသောနိုင်ငံရေးအကျဉ်းသား ၂ ဦးအား ထောင်ပြင်ခေါ်ထုတ်ကာသတ်ဖြတ်လိုက်သည့်ဖြစ်စဉ်တွင် ကိုဝင်းသီဟ သတင်းသာကြားသိရပြီး နောက်ထပ် ၁ ဦးမှာမူ သတင်းအစအနပျောက်ဆုံးနေသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံက သိရသည်။
ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟနှင့် နောက်ထပ်အကျဉ်းသား ၁
ဦးတို့အား သက်သေခံပစ္စည်းများလိုက်ပြရန်ဟူသော အကြောင်းပြချက်ဖြင့် ပြီးခဲ့သည့် မတ်လ ၁၆ ရက်တွင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များက ခေါ် ထုတ်
သွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM တာဝန်ရှိသူက သံလွင်ခက်ကို ပြောသည်။
၎င်းက “အဲ့နေ့ကခေါ်ထုတ်သွားတာက ၂ယောက်ပေါ့နော်။ ဘယ်လိုပုံစံနဲ့ခေါ်ထုတ်သွားလဲဆိုတာ မသိရဘူး။
ကိုဝင်းသီဟရယ် သူရဲ့အမှုတွဲကလို့ယူဆရတဲ့ နောက် ထပ် ၁ ယောက်ရယ်။ ကိုဝင်းသီဟကိုလည်း ဘာပုဒ်မနဲ့ ဖမ်းထားလဲဆိုတာလည်း စုံစမ်းလို့မရဘူးဖြစ်နေတယ်။အဲ့တော့ နောက် ၁ ယောက်ကလည်း ဘာအမှုလဲဆိုတာ ပြောရခက်တယ်”ဟုဆိုသည်။
ကိုဝင်းသီဟသေဆုံးမှုနှင့်ပတ်သတ်ပြီး ထားဝယ်အကျဉ်း ထောင်ဝန်ထမ်းများက အကြောင်းကြားလာခြင်းမရှိဘဲ ကိုဝင်းသီဟနှင့် နီးစပ်သူများက လိုက်လံစုံစမ်းမှသာ လျှင် သေဆုံးသည်ကို သိရှိခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူက “ မတ် ၁၉ရက်နေ့က သူ့မိသားစုက ပါဆယ်ပို့တာကို သူ(ကိုဝင်းသီဟ)ဆီမရောက်ဘဲ ၂၁ ရက်နေ့မှာ ပါဆယ်ပြန်ရောက်လာခဲ့တယ်။ သူ့မိသားစုကလည်း အရမ်းရိုးတော့ ဘာမှမသိဘူးဖြစ်နေတာ။ ကိုဝင်းသီဟရဲ့ မိတ်ဆွေတွေက ပါဆယ်ဘာလို့ပြန်ရောက်လာတာလဲဆိုတာစုံစမ်းတော့မှ အသတ်ခံလိုက်ရပြီဆိုတာသိခဲ့ရတယ်”ဟု ပြောသည်။
ကိုဝင်းသီဟအသတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သတ်ပြီး သက်သေခံပစ္စည်းလိုက်ပြခိုင်းစဉ် ထွက်ပြေးရန် ကြံစည်သဖြင့် ခြောက်လန့်ပစ်ခတ်ဖမ်းဆီးစဉ် သေဆုံးသွားခဲ့သည်ဟု ထားဝယ်အကျဉ်းဦးစီးဌာနက ပြောကြားခဲ့သည်ဟု မိသားစုနှင့် နီးစပ်သူများထံက သိရသည်။
သေဆုံးသူ ကိုဝင်းသီဟ သည် အသက် ၃၅ နှစ်ရှိသူဖြစ်ပြီး ၂၀၂၂ ခုနှစ်ကတည်းက အကျဉ်းချခံထားရသူဖြစ် သည်။
ထိုသို့ အကျဉ်းထောင်ပြင်ပသို့ ဥပဒေမဲ့ခေါ်ဆောင်ပြီး မတရားသတ်ဖြတ်ခံနေရသည့်ကိစ္စရပ်များအပေါ် နိုင်ငံ တကာခြေနီအဖွဲ့ – ICRC အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း – UN အောက်ရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့်လည်းစစ်ဆေးဖော်ထုတ်ပြီး စစ်ကောင်စီနှင့် အကျဉ်းဦးစီးဌာနကို ပြင်းထန်သည့်ဖိအားပေးမှုများ အမြန်ဆုံးလုပ်ဆောင်ရန် အထူးလိုအပ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့တွင်ထုတ်ပြန်ထားသည်။
အကျဉ်းထောင်တွင်းဖမ်းဆီးခံနေရသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများသည် အခြေခံအကျဆုံးသော လူ့အခွင့်အရေးဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်ဟူသည့်အခြေခံအချက်ကိုပင် အာမခံချက်မရရှိဘဲ ဆုံးရှုံးလျက်ရှိသည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ ဒီဇင် ဘာလ ၃၀ ရက်အထိ အကျဉ်းထောင်တွင်းဥပဒေမဲ့ သတ် ဖြတ်ခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၈ ဦးအထိရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကောက်ယူထားသည့်စာရင်းများအရသိရသည်။
ဓာတ်ပုံ – PPNM
ပုံစာ – စစ်ကောင်စီ၏ ဥပဒေမဲ့သတ်ဖြတ်မှုကြောင့် သေ ဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ။