တရားဝင်ညွှန်ကြားစာမထွက်လာသေးဘဲ ခရီးသွားလက်မှတ်ဝယ်ယူရာတွင် ထောက်ခံစာများတောင်းယူနေ
*******
သဇင်
မတ် ၂၅၊၂၀၂၄။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဝေးပြေးဂိတ်များတွင် တရားဝင်ညွှန်ကြားစာမထွက်လာသေးဘဲ ခရီးသွားလက် မှတ်ဝယ်ယူပါက ခရီးသွားထောက်ခံစာပါမှ လက်မှတ်ဝယ်ယူခွင့်ပေးသည်ဟု ဒေသခံများထံကသိရသည်။
ယခုမတ်လ ဒုတိယအပတ်ကစတင်၍ မွန်ပြည်နယ်မှ အခြားသောဒေသများသို့ ခရီးထွက်ခွာမည့်သူတိုင်းကို ခရီးသွားမည့်အကြောင်းထောက်ခံစာအပြည့်အစုံပါမှသာ လက်မှတ်ရောင်းချပေးနေသည်ဟု မော်လမြိုင် မြေနီကုန်းကားဂိတ်ရှိ ဝန်ထမ်း ၁ ဦးကပြောသည်။
“ကားဂိတ်ကိုတော့ တရားဝင်စာတော့မရောက်လာသေးဘူး။ အဲ့လိုမျိုးတော့တော်တော်များများ ကြားနေပါတယ် ။ လောလောဆယ်မှာ ကျွန်တော်တို့ဘက်က ဒါကို စလုပ်နေပါပြီ။ ခရီးသည်တွေကိုလည်း မှတ်ပုံတင်ပါရမယ်။ ခရီးသွားမယ့်အကြောင်း ထောက်ခံစာပါရမယ်။ ထောက်ခံစာစုံလင်ရမယ်ပေါ့ “ ဟုဆိုသည်။
ခရီးသွားလာမည့်သူတိုင်း ခရီးသွားထောက်ခံစာပါရှိမှ လက်မှတ်ဝယ်ယူခွင့်ပေးမည်ဟူသောကြေညာချက်ကို မည်သည့်ဌာနက တရားဝင်ကြေညာထားကြောင်း မသိရှိရသေးသည့်အတွက် အချို့ယာဥ်လိုင်းများတွင် မုတ်ပုံတင်ပါရုံဖြင့် လက်မှတ်ဝယ်ယူခွင့်ပြုပြီး ခရီးသွားခွင့်ပေးနေသေးသည်ဟု မော်လမြိုင်ဒေသခံ အမျိုးသား ၁
ဦး က သံလွင်ခက်ကိုပြောသည်။
“ဒီထောက်ခံစာကိစ္စကို မန္တလာမင်းဂိတ်ကို ညွန်ကြားထားတာတဲ့။ ဘယ်ကညွန်ကြားတာလဲဆိုတာတော့ မသိရဘူး ။ မန္တလာမင်းဂိတ်ကလွဲရင် တချို့ဂိတ်တွေတော့ ဒီတိုင်းဝယ်လို့ရနေသေးတာပဲ” ဟုဆိုသည်။
ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများသည်လည်း ခရီးသွားပါက ၎င်းတို့အထက်ရာရှိထံက ထောက်ခံစာရရှိရန်လည်း လိုအပ်သည်ဟု သူကဆက်ပြောသည်။
ခရီးသွားထောက်ခံစာအပြင် ခရီးသည်နှင့်သက်ဆိုင်သည့် ကိုယ်ရေးအချက်လက်များကိုလည်း စာရင်းသွင်းရသေးသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင် စီက ပြည်ပခရီးသွားလာခွင့်ကို နည်းအမျိုးမျိုးဖြင့် ကန့်သတ်လာခဲ့သည့်အပြင် ယခုတွင်လည်း ပြည်တွင်းခရီးသွားလာခွင့်ကိုပါ ပိတ်ဆို့ကန့်သတ်ရန်ကြိုးစားလာနေသည်။
ပုံစာ – မော်လမြိုင် မြေနီကုန်းကားဝန်းမြင်ကွင်း။
************
Telegram– > https://t.me/newstlk/3982
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8658