စစ်မှုမထမ်းလို၍ တိမ်းရှောင်လာသောမိသားစုကို ပုလဲ ပအဖ စောင့်ရှောက်ထား
***************
သံလွင်ခက်
မတ် ၂၅ ၊ ၂၀၂၄။
စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းလိုသည့်အတွက် တိမ်းရှောင်လာသော မိသားစုတစ်စုကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ က ကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။
မိသားစုဝင်တချို့ စစ်မှုထမ်းရန်မဲပေါက်ခဲ့သည့်အတွက် စစ်မှုမထမ်းလိုသောကြောင့် ပုလဲမြို့နယ် ပအဖ ကို ချိတ်ဆက်ကာ တိမ်းရှောင်ခဲ့ခြင်းဖြစ်သည်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က ” မိတ္ထီလာနယ်ဘက်ကပေါ့။ မဖြစ်မနေ မဲနှိုက်ရတော့ မဲပေါက်တာပေါ့။ သူတို့က မထမ်းချင်ဘူးဆိုတော့ ကျွန်တော်တို့ မြို့နယ်ပအဖကို ချိတ်ဆက်လာတာနဲ့ ပုလဲနယ်ကိုခေါ်ယူပြီး စောင့်ရှောက်ပေးထားတာ ” ဟုဆိုသည်။
တိမ်းရှောင်လာသည့် မိသားစုတစ်စုအား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံက သွားရောက်တွေ့ဆုံခဲ့ပြီး ငွေကျပ် ၅၀,၀၀၀နှင့် အဝတ်အ စားများ၊ခြင်ထောင်များ သွားရောက်ထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။
ပုလဲမြို့နယ်အတွင်းသို့ လာရောက်ခိုလှုံကြမည့် ပြည်သူများ၏ လုံခြုံရေး၊ နေထိုင်စားသောက်ရေးများအတွက် ပုလဲမြို့နယ် ပအဖ၊ ပကဖ၊ တပ်ရင်းတပ်ဖွဲ့ များက လိုအပ်သောကူညီစောင့်ရှောက်မှုများ ပေးနိုင်ရန် ပြင်ဆင်ထားသည့်အတွက် အချိန်မီ ကြိုတင်ဆက်သွယ်ပေးကြပါရန် ပုလဲမြို့နယ် ပအဖ က အသိပေးထုတ်ပြန်ထားသည်။
************
Telegram– > https://t.me/newstlk/3981
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8655