ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်းသိမ်းပိုက်နိုင်ရေး AA ထိုးစစ်အရှိန်မြှင့်မည်
*******
သဇင်
မတ် ၂၅၊၂၀၂၄။
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ကြိမ်ချောင်းနယ်ခြားစောင့်တပ်စခန်း သိမ်းပိုက်နိုင်ရေးအတွက် ရက္ခိုင့်တပ်တော် AA က ထိုးစစ်အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်ဟု ယမန်နေ့ညပိုင်းတွင် AA ကထုတ်ပြန်ထားသည်။
အဆိုပါကြိမ်ချောင်းစခန်းအား ဝန်းရံပိတ်ဆို့တိုက်ခိုက်ခဲ့သည်မှာ ၁ လနီးပါးခန့်ကြာမြင့်ခဲ့ပြီး ယင်းစခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်အရှိန်မြှင့်ခဲ့သည့် ၂ ရက်တာကာလအတွင်း ကြိမ်ချောင်းစခန်းအား အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားနိုင်ပြီဟု သိရသည်။
ကြိမ်ချောင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ကာလအတွင်း ကြိမ်ချောင်းအနောက်ဘက်ရှိ ရန်အောင်မြင် စခန်းကိုလည်း မတ်လ ၂၃ ရက်တွင် သိမ်းပိုက်ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ရန်အောင်မြင်စခန်းသိမ်းတိုက်ပွဲအတွင်း ရန်သူ့အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သေးသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော ဘူးသီးတောင်အခြေစိုက်၊ ခမရ – ၅၅၂ တပ်ရင်းအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စခန်းတစ်ခုလုံးသိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်အဟုန်မြှင့် တိုက်ခိုက်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk
ပုံစာ – မောင်တောမြို့ အောင်သပြေနယ်ခြားစောင့်တပ်စခန်းသိမ်းတိုက်ပွဲက သိမ်းပိုက်ရရှိခဲ့သည့် လက်နက်ခဲယမ်းများ။
************
Telegram– > https://t.me/newstlk/3971
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8642