ဖာပွန်မြို့လုံခြုံရေးစခန်းအား ဂျက်လေယာဥ်ဖြင့်
စစ်ကောင်စီ ဗုံးပြန်ကြဲချရာ ၁၂ ဦးသေဆုံး
***************************
သံလွင်ခက်
မတ် ၂၅ ၊ ၂၀၂၄ ။
ကရင်ပြည်နယ်၊ ဖာပွန်မြို့အား လုံခြုံရေးယူပေးထားသည့် မောထကိုးစစ်စခန်းအား စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့်ဗုံးကြဲခဲ့ရာ စခန်းတစ်ခုလုံးမီးလောပြာကျသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေကြေဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ ၅ မူတြော်သတင်းစဥ်က ထုတ်ပြန်သည် ။
ယမန်နေ့ မွန်းလွဲ ၁၃း၀၀နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA-အမှတ်(၅)တပ်မဟာ၏ဒရုန်းတပ်ဖွဲ့ဝင်များမှ
ဖာပွန်မြို့အား လုံခြုံရေးယူပေးထားသည့် မောထကိုးစစ်စခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုတိုက်ခိုက်မှုအတွင်း စခန်းမီးလောင်နေစဥ် ၁၃း၁၁နာရီအချိန်တွင် စစ်ကောင်စီက၎င်းတို့
ကိုယ်တိုင်ထိုစခန်းအား ဂျက်လေယာဥ်ဖြင့်
ထပ်မံ ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချအရ
သိရသည် ။
” အဲစခန်းမှာက စစ်သားတွေသိပ်မရှိဘူး။ ရဲတွေပဲများတာ ။ အင်အားတော့ မသိရဘူး ။ အဲဒီစခန်းအောက်မှာ ဖာပွန်ရဲစခန်းရှိတယ် “ဟု ဖာပွန်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
ဖာပွန်မြို့တွင် နှစ်ဖက်တပ်များက ဒရုန်းဗုံးများအသုံးပြု၍ မကြာခဏတိုက်ခိုက်နေသလို ဂျက်လေယာဥ်များဖြင့် ဗုံးကြဲမှုများရှိနေသည်ဟု ဒေသခံများထံသိရသည် ။
ယမန်နေ့ မွန်းလွဲ ၁၄း၄၅နာရီမှ ၁၆း၃၁နာရီအထိ
စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဖာပွန်မြို့တွင်းရပ်ကွက်များအတွင်းသို့ ၁၁ ကြိမ်လာရောက်၍ ဗုံးသီး ၉၀ လုံး ကြဲချသွားခဲ့သည်ဟု မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် အရပ်သားပြည်သူတစ်ဦးတစ်ယောက်မှဒဏ်ရာရရှိမှုမရှိကြောင်း အတည်ပြုသိရှိရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
သို့သော် ယမန်နေ့၌ ဒရုန်းဗုံးသီးကြဲချမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးသေဆုံး၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
” ရပ်ကွက် ၂ က သားမိ၂ ယောက် ကလေးက ၆ နှစ်လောက်ရှိမယ် သေသွားတယ်။ သူ့အမေက လက်ပြတ်သွားတယ် ။ ရပ်ကွက် ၂ ထဲကပဲ အခြားနေရာက ယောက်ျားကြီးတစ်ယောက်လည်း သေတယ် “ဟု
ဖာပွန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယမန်နေ့တွင် ဖာပွန်မြို့နှင့် တချို့ကျေးရွာများတွင် စစ်ကောင်စီက ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများရှိသည်ဟု မူတြော်သတင်းစဥ်၏ ထုတ်ပြန်ချက်အသိရသည်။
ယမန်နေ့ မတ်လ ၂၄ ရက်၊ နံနက် ၀၆း၂၃နာရီအချိန်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဘူးသိုမြို့နယ်၊ မယ်ကလောကျေးရွာအုပ်စုအတွင်းရှိ ဒေလော်ပူကျေးရွာအတွင်းသို့ ဗုံးသီး၅ လုံးကြဲချခဲ့သည်။
ထို့အတူ မွန်းလွဲ ၁၃း၂၅နာရီအချိန်တွင်လည်း ဖာပွန်အခြေစိုက်စစ်ကောင်စီတပ်မှ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ နီးဒိုထာကျေးရွာအတွင်းသို့ ၈၁မမစိန်ပြောင်း ၃ လုံးပစ်ချခဲ့သည်ဟု
သိရသည်။