ထွက်ပြေးနေသော စစ်ကောင်စီတပ်ကို AA လိုက်လံချေမှုန်းရာ ၃၀ ကျော်သေဆုံး
****************************
သံလွင်ခက်
မတ် ၂၅ ၊ ၂၀၂၄ ။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့်ဘူးသီးတောင်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံချေမှုန်းနေရာ ၃၀ ကျော်ရှင်းလင်းနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။
မောင်တောမြို့၊ တမန်းသား စခန်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဤစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိသည်ဟု ဆိုသည်။
ထိုစခန်းမှ ထွက်ပြေးနေသော ရန်သူများအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း ၂၀ ကျော်၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်ထားသည် ။
အလားတူ ဂုပ္ပီစခန်းမှ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်၏ ပိတ်ဆို့ဖြတ်တောက်ရေး တပ်ဖွဲ့ဝင်များက မတ်လ ၂၀ ရက်မှစတင်ပြီး လိုက်လံချေမှုန်း တိုက်ခိုက်လျက်ရှိသည်။
အဆိုပါစခန်းမှ ထွက်ပြေးလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်များအနက်မှ ၁၂ ဦးအား ဘူးသီးတောင်မြို့နယ်၊ အနောက်ပြင် ( ရွာပျက်) ၏ မီတာ (၃၀၀) ခန့်အကွာတွင် သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
ထို့ပြင် နောက်ထပ် ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့အား သိမ်းဆည်း ရမိခဲ့ကာ ထွက်ပြေးနေသော ကျန်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်မှ ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိသည်ဟု ဆိုသည် ။