ရှိတဲ့ရိက္ခာတွေရောင်းပြီး ကချင်ပြည်နယ်ရှိ ခလရ ၄၇ တစခန်းစွန့်ခွာထွက်ပြေး
*******
ထွယ်
မတ် ၂၄၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုင်းခေါင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခလရ – ၄၇ တပ်ရင်းသည် ယနေ့နံနက် အစောပိုင်းက ၎င်းတို့ကိုယ်တိုင်စခန်းစွန့်ခွာထွက်ပြေးသွားသည်ဟု မိုင်းခေါင်ဒေသခံများထံက သိရသည်။
အဆိုပါတပ်ရင်းသည် ကျေးရွာတွင်းရှိသော်လည်း တပ်စခန်းအပြင်သို့မထွက်သည်မှာ ကာလကြာမြင့်ပြီဖြစ်ကာ ယနေ့နံနက်တွင် စခန်းမှဆုတ်ခွာသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “သူတို့ မနေ့ညသန်းခေါင် ထွက်သွားကြပြီ။ လုံးဝကို မရှိတော့တာ” ဟု ပြောသည်။
အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မံစီမြို့ရှိ ၎င်းတို့တပ်စခန်းသို့ ယနေ့နံနက် အစောပိုင်း ၁ နာရီခန့်က ထွက်ခွာသွားကြခြင်းဖြစ်သည်ဟုလည်း စခန်းအနီးတွင် နေထိုင်သည့် အခြားဒေသခံအမျိုးသား ၁ ဦးက ပြော သည်။
ထို့အပြင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သည် စခန်းမဆုတ်ခွာမီ ၎င်းတို့ရိက္ခာဆန်များကို ၁ အိတ်လျှင် ၆၀,၀၀၀ ကျပ်ဖြင့် ကျေးရွာရှိ ဒေသခံများကို ရောင်းချကာ တပ်မှထွက်ခွာသွားခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ်ရှိ ဒေသခံအမျိုးသမီး ၁ ဦးက ပြောသည်။
၎င်းက “မနေ့က ရွာမှာ သူတို့ ရိက္ခာတွေ အကုန်ရောင်းလိုက်ကြတယ်။ ကျွန်မတို့တောင် ဆန် ၆ အိတ် ဝယ်ထားလိုက်တာ” ဟုပြောသည်။
အဆိုပါစစ်ကောင်စီတပ်စခန်းသည် မံစီမြို့ရှိ ၎င်းတို့ တပ်စခန်းမှ မိုင်းခေါင်ကျေးရွာနှင့် မိုင် ၃၀ ခန့်အကွာတွင်ရှိသည့် မဂျီဂုံကျေးရွာ၌တပ်စွဲထားသည့် စစ်ဗျူဟာကုန်းသို့ စစ်ရိက္ခာနှင့် စားနပ်ရိက္ခာများတင်ပို့ချိန်တွင် တထောက်ရပ်နားသည့် တပ်စခန်းဖြစ်သည်။
အဆိုပါတပ်စခန်းမှ မဂျီဂုံဗျူဟာကုန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိက္ခာပို့ဆောင်၊ စစ်ကြောင်းထွက် စစ်ရေးလှုပ်ရှားနေစဉ်တွင်လည်း KIA ပူးပေါင်းတပ်က မကြာ ခဏဆိုသလို မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။
ကချင်ပြည်နယ်၊ မံစီမြို့နယ် မိုင်းခေါင်ကျေးရွာမှ မိုင် ၃၀ ခန့်အကွာတွင်ရှိသည့် မဂျီဂုံကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဗျုဟာကုန်းရှိ တပ်စခန်း ၃ ခုကိုလည်း KIA နှင့် ပူးပေါင်းတပ်က ယခုနှစ် မတ်လ ၃ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါ တိုက်ပွဲတွင် အမြောက်ကြီး ၂ စီးနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့သည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် နှစ်စကတည်းစတင်၍ တိုက်ပွဲများအပြင်းအထန်ဖော်ဆောင်နေကာ မံစီမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းကို ဖေဖော်ဝါရီ ၁၉ ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်ကလည်း မံစီမြို့နှင့် မန့်ဝိန်းကြီးကြားရှိ (ဒေသအခေါ်) ဘလောင်ဒိန်ဆာ တပ်စခန်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့ပြင် ဇန်နဝါရီ ၂၉ ရက်၌လည်း မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ကိုက်ထိပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်တွင် မန့်ဝိန်းကြီးကျေးရွာအနီးရှိ ဂေါင်ငူယာန်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထို့အတူ ကချင်ပြည်နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသည့် မတ်လ ၇ ရက်ကတည်းကစတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းများ၊ စခန်းကြီး၊ စခန်းငယ်စုစုပေါင်း ၅၀ ခန့် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ – သံလွင်ခက်
************
Telegram– > https://t.me/newstlk/3955
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8627