စစ်ကောင်စီဖိအားအောက်က မူဆလင်များကိုအထင်မလွဲရန် ရခိုင်ရှိ မူဆလင်များမေတ္တာရပ်ခံ
*******
ယမင်းဖူးပွင့်အောင်
မတ် ၂၃၊ ၂၀၂၄။
စစ်ကောင်စီ၏ ဖိအားပေးခြိမ်းခြောက်မှုကြောင့် ဆန္ဒပြပွဲများတွင်ပါဝင်နေရသည်ကို ရခိုင်ရှိ ညီအစ်ကို၊ မောင်နှမ များက အထင်မလွဲကြရန် ရခိုင်ပြည်နယ်အတွင်းနေထိုင်ကြသည့် မူဆလင် (ရိုဟင်ဂျာ)များက မေတ္တာရပ်ခံထားသည်။
စစ်တွေမြို့ ဘုမေရပ်ကွက်တွင် ယမန်နေ့က မူဆလင်(ရိုဟင်ဂျာ) များကို တစ်အိမ်တစ်ယောက် “AA အလိုမရှိ” ဆန္ဒပြပွဲများတွင် မပါမနေရ စစ်ကောင်စီကဖိအားပေးထားသည်ဟု ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ -FRC ပူးတွဲတည်ထောင်သူ ဦးနေဆန်းလွင်က သံလွင်ခက်ကိုပြောသည်။
“ပြည်နယ်အဆင့်အာဏာပိုင်တွေက ရပ်ကွက်အုပ်ချုပ်ရေးကတဆင့် ဖိအားပေးတာပါ။ ဆန္ဒပြပွဲမှာမပါဝင်တဲ့ အိမ် တွေကို ထိရောက်စွာအရေးယူမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ ဒေသခံ ရိုဟင်ဂျာတွေအနေနဲ့ အခုလို ဖိအားပေး ခြိမ်းခြောက်ပြီး ပါဝင်ခိုင်းနေတာကို ရခိုင်ညီအစ်ကိုမောင်နှမများက နားလည်မှုလွဲပြီး တင်းမာမှုတွေ ဖြစ်လာမှာကို အထူးစိုးရိမ်နေကြတယ်လို့ ပြောပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်ကလည်း ရာနှင့်ချီသော မူဆလင်(ရိုဟင်ဂျာ)လူအုပ်ကြီးက “ AA အလိုမရှိ” ဟူသည့် စာတန်းများကိုင်ဆောင်ကာ ဘူးသီးတောင်မြို့တွင် လှည့်လည်ဆန္ဒပြခဲ့ကြသည်။
စစ်ရေးအရအရေးနိမ့်နေသည့် စစ်ကောင်စီက ပဋိပက္ခများဖြစ်ပွားအောင်ဖန်တီးနေခြင်းကို ရခိုင်ပြည်သူများက အရေးစိုက်မည်မဟုတ်ဘဲ ရက္ခိုင့်တပ်တော် – AA ကိုသာ အားပေးနေမည်ဖြစ်သည်ဟု မင်းပြားမြို့နယ်ဒေသခံ အမျိုး သားဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“မင်းတို့နေစရာမရှိဖြစ်သွားချင်လား။ ဆန္ဒပြပေး။ ငါတို့ခိုင်းတာကိုလုပ်။ မလုပ်ရင် မင်းတို့အိမ်ကို မီးရှို့မယ်။ စားစရာမပေးဘူး။ အဲ့လိုမျိုးခြိမ်းခြောက်တာတွေတော့ရှိတာပေါ့။ စာတွေလည်း သူတို့မရေးတတ်ဘူး။ စစ်ကောင်စီ ကပဲ ဖိအားပေးတာပဲ။ သူတို့မနိုင်ရင် လူမျိူးရေးသွေးထိုးမှာပေါ့။ ဂရုစိုက်စရာတော့မလိုပါဘူး။ ကျွန်တော့် မိသားစုလည်း သေသွားတယ်။ သေပါစေ။ အိမ်ပါလည်း ပါပါစေ။ နောက်ဆုတ်စရာတော့မရှိဘူး” ဟုပြောသည်။
မူဆလင်(ရိုဟင်ဂျာ)များသည် စစ်ကောင်စီ၏ဖိအားကိုမလွန်ဆန်နိုင်သည့် အခြေအနေအောက်တွင် ရောက်ရှိနေပြီး စစ်ကောင်စီခိုင်းသမျှလုပ်ဆောင်နေရခြင်းဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ လူ့အခွင့်အရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကပြောသည်။
“ကျေးရွာတွေအထိဆင်းပြီး ဆန္ဒပြဖို့ စစ်တပ်ကကားတွေနဲ့သွားခေါ်ခဲ့တဲ့ အထောက်အထားတွေလည်း ရှိတယ်။ ရိုဟင်ဂျာတွေဘက်က ငြင်းဆန်လို့မရတဲ့ အခြေအနေတွေဆိုတာရှိနေတယ်။ ဒါကိုလည်း အများပြည်သူအနေနဲ့ နားလည်ပေးဖို့လိုမယ်။ စစ်တပ်ဖိအားကို တစ်နိုင်ငံလုံးရင်ဆိုင်နေရပေမယ့် ရိုဟင်ဂျာမဟုတ်တဲ့သူတွေ၊ ရိုဟင်ဂျာ နေတဲ့နေရာက မဟုတ်တဲ့သူတွေအခြေအနေနဲ့ ရိုဟင်ဂျာတွေကျ မတူပြန်ဘူး” ဟုဆိုသည်။
မူဆလင်(ရိုဟင်ဂျာ)များက ရက္ခိုင့်တပ်တော် – AA ကို ဆန္ဒပြသည့် ဗီဒီယိုဖိုင်များနှင့် ဆူပူသောင်းကျန်း၊ အကြမ်း ဖက် စသည့်စကားလုံးများအသုံးပြု၍ပြောဆိုနေသည့် အင်တာဗျူးဗီဒီယိုဖိုင်များ ယခုရက်ပိုင်းတွင် စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လာခဲ့သည်။
မူဆလင်(ရိုဟင်ဂျာ)များသည် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု၊ ဖိနှိပ်မှုများကို အစဉ်အဆက် ကျူးလွန်ခံခဲ့ ရသူများဖြစ်ကာ နိုင်ငံသားအခွင့်အရေးဆုံးရှုံးနေရပြီး လူသားချင်းစာနာမှုအမြင်ဖြင့် ချဉ်းကပ်ကြရန် Burma Civil War Museum က သုတေသီ ၁ ဦးဖြစ်သည့် ကိုရဲဟိန်းအောင် က တိုက်တွန်းထားသည်။
“လူမျိုးရေးဆန်တဲ့ အမြင်မျိုးနဲ့ကြည့်ရှုတာထက် ဖိနှိပ်ခံရတဲ့ပြည်သူတွေသည် မြန်မာစစ်တပ်ရဲ့ထပ်ဆင့်ထပ်ဆင့် ဖိအားပေးခံရတယ်ဆိုတာကို နားလည်ဖို့လိုပါတယ်။ အမုန်းတရားကိုအခြေခံတဲ့ အမြင်ရှုထောင့်ထက် လူ့အခွင့် အရေး၊ လူ့ဂုဏ်သိက္ခာ၊ လူသားချင်းစာနာမှု၊ လူမှုပေါင်းစည်းရေး၊ လူမှုသဟဇာတဖြစ်ရေး အခြေအနေတွေကနေ ချဉ်းကပ်ဖို့လိုအပ်တယ်လို့ ယူဆပါတယ်” ဟုပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအတည်ပြုပြီးနောက် ကျောက်တစ်လုံး၊ ဘူးသီးတောင်၊ စစ်တွေနှင့် အခြားမြို့များရှိ ဒုက္ခ သည်စခန်းများတွင် စစ်ကောင်စီက မူဆလင်(ရိုဟင်ဂျာ) များကို စစ်မှုထမ်းရန် စာရင်းကောက်ခံနေသလို ဖမ်းဆီး မှုများလည်းရှိနေသည်။
စစ်ကောင်စီက မူဆလင်(ရိုဟင်ဂျာ)များကို နိုင်ငံသားအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိသည့်အတွက် ဥပဒေအရ စစ်မှု ထမ်းရန် စာရင်းကောက်ခံခွင့်၊ တပ်သားစုဆောင်းခွင့်မရှိသော်လည်း စစ်ကောင်စီက ဥပဒေကိုချိုးဖောက်ကာ လုပ် ဆောင်နေကြခြင်းသာဖြစ်သည်ဟု မူဆလင်(ရိုဟင်ဂျာ) အရေးဆောင်ရွက်သူများက မှတ်ချက်ပြုကြသည်။
စစ်ကောင်စီနှင့် AA တို့ကြား လွန်ခဲ့သည့် ၄လခန့်ကစ၍ တိုက်ပွဲများပြင်းထန်နေပြီး AA က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားနိုင်ခဲ့သည်။
ပုံစာ – ပြီးခဲ့သည့်ရက်ပိုင်းက ဘူးသီးတောင်မြို့နယ်တွင် မူဆလင်(ရိုဟင်ဂျာ) များ ဆန္ဒပြနေသည့်မြင်ကွင်း။
************
Telegram– > https://t.me/newstlk/3954
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8624