စစ်ကောင်စီက သာလွန်အင်အားဖြည့်တင်းနေသည့် ဆီဆိုင်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိ
*****
ယမင်းဖူးပွင့်အောင်
မတ် ၂၃၊ ၂၀၂၄။
ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက အင်အားများထပ်မံဖြည့်တင်းကာ စစ်ကြောင်းထိုး ထိုးစစ်ဆင်နေမှုကြောင့် နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်လျက်ရှိသည်ဟု ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် -PNLA နှင့် စစ်ရေးနီးစပ်သူများထံက သိရသည်။
“ဆီဆိုင်မြို့ကတော့ တိုက်ပွဲအခြေအနေက ပြင်းထန်ပါတယ်။ တစ်နေကုန် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာရှိပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၂၀ ကျော်ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်ကနေ ပေါင် ၅၀၀ ဗုံးနဲ့လာကြဲသွားတယ်” ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သံလွင်ခက်ကိုပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် စစ်ကောင်စီနှင့် PNLA၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA၊ PDF ပူးပေါင်းတပ်ဖွဲ့မျာကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် BPLA တပ်ဖွဲ့ဝင် ၁ ဦးနှင့် NUG အမှတ်၂ စစ်ဒေသ တပ်ရင်း ၁၁၀၁ က တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။
ဆီဆိုင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် အသက် ၃၁ နှစ်အရွယ် BPLA ရဲဘော်လင်းလင်း (ခ) ကိုလင်းသည် နိုင်ငံရေးမှူးရုံးအဖွဲ့ဝင်ဖြစ်ပြီး ရုံးပိုင်းဆိုင်ရာ၌ သူကျွမ်း ကျင်တတ်မြောက်ထားသည့် Video Editing ပိုင်းနှင့် တာဝန်များစွာထမ်းဆောင်ခဲ့ကာ အခြားသော တပ်တော်၏တာဝန်များကိုလည်း အမိန့်နာခံမှုကောင်းစွာဖြင့် ဆောင်ရွက်ခဲ့သူဖြစ်သည်ဟု BPLA သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ကိုလင်းလင်းက ဆိုသည်။
၎င်းက “ ၂၀၂၂ ခုနှစ်မှာ BPLA ရဲ့အပတ်စဉ် ၄ အခြေခံစစ်ပညာသင်တန်းမှာ စတင်တက်ရောက်ခဲ့ပြီး သင်တန်း ဆင်းခဲ့တာဖြစ်ပါတယ်။ အလှည့်ကျ ရှေ့တန်းထွက်ရတဲ့အချိန် ရဲဘော် ကိုလင်းက ရှေ့တန်းစစ်မြေပြင်မှာ ၅လ ကျော်ကြာတိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး နောက်ဆုံးအချိန်အထိ အခုလိုရွပ်ရွပ်ချွံချွံပါဝင် တိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်” ဟုဆိုသည်။
ဆီဆိုင်မြို့နယ်တွင် ဇန်နဝါရီ ၂၁ ရက်ကစတင်၍ စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ပအိုဝ်းအမျိုးသားတပ် – PNA ပြည်သူ့စစ် နှင့် PNLA တို့ကြား ထိတွေ့တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG – PDF ၁ ဦးဖြစ်သည့် ရဲဘော်တောင်ရိုး (ခ) အရိုးသည်လည်း မတ်လ ၂၁ ရက် နံနက် ၉နာရီခွဲခန့်တွင် ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တစ်ဦးချင်းယှဉ်ပစ်ကာ ကျဆုံးခဲ့ပြီး ရုပ်အလောင်းပြန်မရခဲ့ဟု PNLA တပ်ဖွဲ့ဝင်များထံက သိရသည်။
PNLA တပ်ဖွဲ့ဝင် ၁ ဦးက “ကျွန်တော်တို့ ကျဆုံးတာတော့ရှိပါတယ်။ ရဲဘော်ကျရင်လည်း တင်ထားတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့ကျတာ မတင်ပြရဲဘူး။ အလောင်းတောင်မကောက်နိုင်ဘူး” ဟု ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ကျောက္ကချားကျေးရွာဘက်တွင် အင်အား ၅၀၀ ခန့်ဖြည့်တင်းထားပြီး အဆိုပါ စစ်ကြောင်းကို ကျောက်စိမ်းနဂါးကုမ္ပဏီက ပအိုဝ်းပြည်သူ့စစ် PNA ခေါင်းဆောင် ၁ ဦးဖြစ်သူ နေဝင်းထွန်းက ဦးဆောင်နေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီသည် ဆီဆိုင်မြို့ပြန်လည်ရရှိရေးထက် အလုံးစုံပျက်စီးရေးကိုသာ ရည်ရွယ်လုပ်ဆောင်နေပြီး မြို့ထဲသို့ လေကြောင်း၊ လက်နက်ကြီးများအသုံးပြု၍ နေ့စဉ်တိုက်ခိုက်လျက်ရှိသည်။
ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပအိုဝ်းစော်ဘွားများခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွားခွန်ကြည် နောက်ဆုံးအုပ်ချုပ်ခဲ့သည့် ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က နယ်မြေတည်ငြိမ်ရေးအတွက် ဝင်ရောက်ထိန်းချုပ်ခဲ့ပြီး ပအိုဝ်းအမျိုးသားအလံတော်ကို စတင်လွှင့်ထူနိုင်ခဲ့သည်ဟု PNLA က ဇန်နဝါရီ ၂၈ ရက်တွင် တရားဝင်သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၁၃ ရက်ကလည်း BPLA တပ်ဖွဲ့ဝင် ရဲဘော်နောင်နောင်ထက်နှင့် ဇန်နဝါရီလ ၂၉ ရက်တွင် NUG အမှတ်၂ စစ်ဒေသ တပ်ရင်း ၁၁၀၁ တပ်ဖွဲ့ဝင် ပါကျဲတို့ ဆီဆိုင်မြို့တိုက်ပွဲအတွင်း ကျဆုံးခဲ့သည်။
ပုံစာ – ဆီဆိုင်တိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် BPLA ရဲဘော်လင်းလင်း (ခ) ကိုလင်း
************
Telegram– > https://t.me/newstlk/3953
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8621