စစ်မှုထမ်းဥပဒေက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အကျုံးမဝင်ဟု NSCNK ထုတ်ပြန်
*******
သဇင်
မတ်လ ၂၃၊၂၀၂၄။
နာဂဒေသအတွင်း စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေသည် အကျိုးသက်ရောက်မှုမရှိသလို ဒေသတွင်းပြည်သူလူထုအား စစ်မှုထမ်းရန်အတင်းအကြပ်လုပ်ဆောင်လာပါက သည်းခံနေမည်မဟုတ်ကြောင်း ယမန်နေ့ မတ်လ ၂၂ ရက်တွင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ- NSCNK က ထုတ်ပြန်ထားသည်။
နာဂဒေသသည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး တသီးတခြားရပ်တည်နေထိုင်နေ ပြီး ယခုထုတ်ပြန်ချက်သည် NSCNK က ၎င်းတို့၏ရပ်တည်ချက်နှင့်ခံယူချက်အား နာဂပြည်သူများသိရှိစေရန် အတိအလင်းကြေညာထုတ်ပြန်ခြင်းဖြစ်သည်ဟု နာဂအမျိုးသားရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အီနွေဆိုင်းညူက ဆိုသည်။
ထို့ကြောင့်လည်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်မှုထမ်းရန်ဆင့်ခေါ်နေသည့် စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေသည် နာဂဒေသတွင် အကျုံးဝင်မည်မဟုတ်ဟု နာဂအမျိုးသားရေးနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက် တာ အီနွေဆိုင်းညူ က သံလွင်ခက်ကိုပြောသည်။
“NSCNK အနေနဲ့ သူတို့နဂိုတည်းကရပ်တည်ချက်ကို ပြန်အသိပေးပြီး ထုတ်ပြန်တဲ့သဘောမျိုးပေါ့။ နာဂဆိုတာ သီးခြားလွတ်လပ်တဲ့ တိုင်းပြည်ဖြစ်တယ်ဆိုတာကို နိုင်ငံရေးသမိုင်းကြောင်းအရ ရပ်တည်ထားတာဆိုတော့ အဲဒီလို ရပ်တည်တဲ့အခါမှာ မြန်မာအစိုးရကထုတ်ပြန်တဲ့ဥပဒေတွေဟာ နာဂဒေသမှာ အကျုံးဝင်စရာအကြောင်းမရှိဘူး ဆိုတာက သူတို့ရပ်တည်ချက်ကို ခိုင်ခိုင်မာမာဖော်ပြတယ်လို့ မြင်ပါတယ်”ဟုဆိုသည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းယူပြီးသည့်အချိန်ကတည်းကပင် နာဂလူမျိုးစုသည် မြန်မာနိုင်ငံရေးကိစ္စ ရပ်တွင် ဝင်ရောက်စွက်ဖက်သွားမည်မဟုတ်ဟု သဘောထားထုတ်ပြန်ခဲ့ပြီး လက်ရှိ စစ်ကောင်စီကအသက်သွင်း လိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေသည်လည်း နာဂဒေသတွင် သက်ရောက်ခြင်းရှိနိုင်မည်မဟုတ်ဟု ဆိုသည်။
စစ်မှုထမ်းဥပဒေတွင်အကျုံးဝင်သည့် အသက် ၁၈ ကနေ ၃၅ နှစ် ကြား နာဂဒေသကလူငယ်များကို စစ်မှုထမ်း ဆောင်ရန်အတွက် နာဂဒေသရှိ ထွေ/အုပ်ရုံးများတွင် လာရောက်လက်မှတ်ထိုးရန် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာ များပေးပို့ခဲ့ပြီး လက်မှတ်ထိုးခြင်းမရှိပါက အရေးယူခံရမည်ဟုဆင့်ခေါ်စာတွင်ဖော်ပြထားသည်ဟု ဒေသခံများထံ ကသိရသည်။
ထို့အပြင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကလည်း နာဂအမျိုးသားရေးအတွက် NSCNK နှင့် လက်တွဲလုပ် ဆောင်ရန် လူငယ်များအားဖိတ်ခေါ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ – Naing Phyo
ပုံစာ – နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ – NSCNK ဥက္ကဋ္ဌ ဦးယုံးအောင် (ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသူ)။
************
Telegram– > https://t.me/newstlk/3950
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8616