ပင်လောင်းမြို့နယ်က ဆေးခန်းနှင့်နေအိမ်များကို စစ်ကောင်စီ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်
************************
သံလွင်ခက်
မတ်လ ၂၃၊ ၂၀၂၄။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် ယမန်နေ့ မတ်လ ၂၂ ရက်၊ ည ၁၂ နာရီဝန်းကျင်တွင် နန်းတုတ်ကျေးရွာကို လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် -PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံ က သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” ည ၁၂ နာရီမှာ ဂျက်ဖိုက်တာနဲ့ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာကို လာရောက်ပြီး ဗုံးကြဲသွားတယ် လို့ သိရပါတယ်။ လူကတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီရွာကို အရင်က စစ်ကောင် စီက လက်နက်ကြီးတွေနဲ့ပစ်ထည့်ဖူးတော့ ဒေသခံလူထုတွေက ထွက်ပြေးနေရတဲ့ အနေအထားမှာရှိတာပေါ့ ” ဟု ဆိုသည်။
စစ်ကောင်စီတပ်၏ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နန်းတုတ်တောင်ရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးခန်း ပျက်စီးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် နန်းတုတ်ကျေးရွာကို လက်နက်ကြီးများ မကြာခဏပစ်ခတ်လေ့ရှိပြီး လေကြောင်းဖြင့်ဗုံး ကြဲတိုက်ခိုက်မှုသည် ပထမဦးဆုံးအကြိမ်လည်းဖြစ်သည်။
ယမန်နေ့ မတ်လ ၂၂ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ လအိပြည်သူ့ဆေးရုံကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမျိုးသား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံများ ပျက်စီးခဲ့သည်။
ထို့အပြင် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ပေါ်သို့ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည် PNLA က ထုတ်ပြန်ထားသည်။
မတ်လ ၂၀ ရက်တွင်လည်း ည ၁၀ နာရီကနေ ၁၂ နာရီအတွင်း စစ်ကောင်စီက ဆီဆိုင်မြို့ကို Y 12 လေယာဉ်ဖြင့် ဗုံးအလုံးပေါင်း ၁၀၀ ထက်မနည်း ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်က ထိုကဲ့သို့ ဆေးရုံအဆောက်အအုံများအပါအဝင် အရပ်သားနေထိုင်ရာနေရာများသို့ လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ပြည်သူလူထုအနေဖြင့် သတိဝီရိယကြီးကြီးဖြင့် သွားလာနေထိုင်ကြရန် PNLA က အသိပေးပြောဆိုထားသည်။
************
Telegram– > https://t.me/newstlk/3948
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8612