၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် မြို့ ၆ မြို့နှင့် တပ်စခန်း ၈၁ ခုကို ကရင်နီတော်လှန်ရေးတပ်များသိမ်းပိုက်ရရှိ
*************************
သံလွင်ခက်
မတ် ၂၃ ၊ ၂၀၂၄။
၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မြို့ ၆ မြို့နှင့် တပ်စခန်း ၈၁ ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ယနေ့တွင် ထုတ်ပြန်သည်။
၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက် ကရင်နီပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး နှင့် မိုးဗြဲ စသောမြို့ ၆ မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီး ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စွန့်ခွာတပ်ဆုတ်သွားသော စခန်း ၁၆ ခုရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများသည် လွိုင်ကော်မြို့နယ် တွင် စခန်း ၁၂ ခု၊ ဒီးမော့ဆိုမြို့နယ်တွင် စခန်း ၁၃ ခု၊ ဖားဆောင်မြို့နယ်တွင် စခန်း ၉ ခု၊ ဘောလခဲမြို့နယ်တွင် စခန်း ၅ ခု၊ ရှားတောမြို့နယ်တွင် စခန်း ၇ ခု၊ ဖယ်ခုံမြို့နယ်တွင် ၁၇ ခု ၊ မယ်စဲ့မြို့နယ်တွင် ၁ခု နှင့် ဖရူဆိုမြို့ နယ်တွင် ၁ ခု စုစုပေါင်း တပ်စခန်း ၆၅ ခုဖြစ်သည်ဟု PKPF ၏ ထုတ်ပြန်ချက်အရ သိရသည်။
၁၁၁၁ စစ်ဆင်ရေးအစိတ်အပိုင်းတစ်ခုဖြစ်သည့် လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနှင့် မဲစဲ့မြို့ နယ်များက စစ်ကောင်စီတပ်များတပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အားဖြည့်တင်းရသည်ဟု တော်လှန် ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
၁၁၁၁ စစ်ဆင်ရေးအရှိန်ကြောင့် စစ်ကောင်စီတပ်သည် မြို့နယ်များနှင့် ရှေ့တန်းစခန်းအချို့ကို လက်လွတ်ခဲ့ရ သည့်အပြင် သံလွင်အရှေ့ဘက်ကမ်းရှိ စစ်ကောင်စီရှေ့တန်းစခန်းကုန်းများ၊ နယ်စပ်စခန်းများကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်သိမ်းပိုက်ထားသဖြင့် နယ်မြေမထိန်းချုပ်နိုင်တော့သည့်အတွက် စစ်ကောင်စီ တပ်များ ယခုကဲ့သို့ တပ်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။
၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၏ စိုမိုးနယ်မြေများ ပိုမိုကျယ်ပြန့်လာပြီး ကရင်နီ ပြည်တဝန်းလုံးတွင် စိုးမိုးတပ်ဖြန့်ထားနိုင်သဖြင့် စစ်ကောင်စီတပ်များသည် ၄င်းတို့တပ်များတည်ရှိရာ နေရာ အနည်းငယ်တွင်သာ နယ်မြေစိုးမိုးနိုင်တော့သည်ဟု PKPF က ထုတ်ပြန်ထားသည်။
ကရင်နီ- ထိုင်းနယ်စပ်တလျှောက် ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်တွင်စတင်ခဲ့သော မိုခါမုန်တိုင်းစစ်ဆင်ရေးနှင့် နိုဝင်ဘာလ၌စတင်ခဲ့သော ၁၁၁၁ စစ်ဆင်ရေး၏အရှိန်အဟုန်များကြောင့် ကရင်နီပြည်အတွင်းရှိ မြို့နယ်အချို့နှင့် နယ်စပ်တလျှောက်တပ်စွဲထားသော စစ်ကောင်စီတပ်များကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် သံလွင်အရှေ့ ဘက်ခြမ်းနှင့်မယ်စဲ့၊ ရှားတောမြို့နယ် တို့သည် စစ်ကောင်စီကင်းစင်နယ်မြေများဖြစ်လာခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။
မိုခါမုန်တိုင်းစစ်ဆင်ရေးတွင်လည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက နယ်စပ် စခန်း ၇ ခုနှင့် မယ်စဲ့မြို့ကို ၂၀၂၃ ခုနှစ်အတွင်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်ဟု PKPF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – KNDF
ပုံစာ – ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကရင်နီတော်လှန်ရေးတပ်များက ရှားတောမြို့အား အလုံးစုံသိမ်းပိုက် ထိန်း ချုပ်နိုင်ခဲ့သည့်မြင်ကွင်း။
************
Telegram– > https://t.me/newstlk/3942
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8607