ဖမ်းဆီးခံနေရသည့် ဗန်းမော်စစ်ရှောင်များ နေရာပြောင်းရွှေ့
*******
ထွယ်
မတ် ၂၃၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ရောဘတ်စစ်ရှောင်စခန်းက စစ်ရှောင်ပြည်သူ ၁၇ ဦး ဖမ်းဆီးခံရပြီးနောက် စစ်ရှောင်ပြည်သူများစခန်းတွင်နေထိုင်ရန် ကြောက်လန့်နေသည့်အတွက် ပြောင်းရွှေ့နေထိုင်လျက်ရှိသည်ဟု စစ်ရှောင်ဒေသခံများထံက သိရသည်။
စစ်ရှောင်အမျိုးသမီး တစ်ဦးက “ဒီမှာနေရင် ဘယ်အချိန် ဖမ်းခံရမလဲဆိုပြီး ကြောက်ကြတော့ ရွှေ့ကြတာပေါ့။ ရွှေ့သာရွှေ့နေတာ လုံခြုံရေးတော့ ဘယ်စိတ်ချရပါ့မလဲ” ဟု ပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများသည် ယခုနှစ် ဖေဖော်ဝါရီ လပိုင်းတွင် တိုက်ပွဲပြင်းထန်ခဲ့သည့် ဗန်းမော်ခရိုင် မံစီမြို့နယ်သို့ ပြန်လည်တိမ်းရှောင်သွားကြပြီး အချို့မှာ တိုက်ပွဲပြင်းထန်ခဲ့သည့် မိုင်းခေါင်ကျေးရွာနှင့် မုန်းဒိန်းပါ ကျေးရွာသို့ တိမ်းရှောင်သူများလည်းရှိသည်။
ထို့ပြင် အချို့သည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့သို့ တိမ်းရှောင်သွားကြသူများလည်းရှိသည်ဟု ရောဘတ်စစ်ရှောင်စခန်း တာဝန်ခံက ပြောသည်။
စစ်ရှောင်ဒေသခံပြည်သူများ၏စိတ်ထဲတွင် ဗန်းမော်စစ်ရှောင်စခန်းသည် လုံခြုံမှုမရှိဟု ခံစားရသဖြင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသအနီးဖြစ်သော်လည်း ပြောင်းရွှေ့သွားကြခြင်းဖြစ်သည်ဟု ရောဘတ်စစ်ရှောင်စခန်း တာဝန်ခံက သံလွင်ခက်ကို ပြောသည်။
၎င်းက “ခဏ ရှောင်ကြတာပေါ့။ ကြောက်လန့်သွားတော့ စခန်းပြောင်းကြတာ။ တချို့က သူတို့ရွာကိုပြောင်းသွားကြတယ်။ သူတို့ အခုရွှေ့ကြတဲ့နေရာကလည်း လုံခြုံတယ်လို့တော့ ပြောလို့မရဘူးပေါ့” ဟု ပြောသည်။
ရောဘတ်စစ်ရှောင်စခန်းရှိ စစ်ရှောင်ပြည်သူများသည် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ်တွင် ဗန်းမော်ခရိုင်အတွင်းရှိကျေးရွာများမှ ဗန်းမော်မြို့သို့ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံများဖြစ်သည်။
အဆိုပါ စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၅၆၂ စုရှိပြီး လူဦးရေ ၃,၀၀၀ ကျော် ရှိသည်ဟု သိရသည်။ သို့သော် ယခုချိန်တွင် အိမ်ထောင်စု ၁၀၀ ခန့်မျှကျန်သဖြင့် စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့သည်ဟု စစ်ရှောင်စခန်း တာဝန်ရှိသူများထံက သိရသည်။
အဆိုပါ ရောဘတ်စစ်ရှောင်စခန်းတွင် မတ်လ ၉ ရက်၊ ည ၁၁ နာရီခန့်၌ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ အိမ်စီးကားများဖြင့်ရောက်လာပြီး စစ်ရှောင်ပြည်သူ ၁၇ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါစစ်ရှောင်ပြည်သူ ၁၇ ဦးတွင် ၁ ဦးသည် အမှုတော်ဆောင်ဆရာဖြစ်သောကြောင့် မတ်လ ၁၀ ရက် မွန်းလွှဲ ၂ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၁၆ ဦးကိုမူ ဗန်းမော်မြို့အခြေစိုက် အမြောက်တပ် အမတ – ၃၆၆ ၌ ရက်သတ္တတစ်ပတ်ခန့် ဖမ်းဆီးထားပြီး မတ်လ ၁၇ ရက်က ပြန်လွှတ်ပေးခဲ့သည်ဟု စစ်ရှောင်ဒေသခံများထံက သိရသည်။
ကချင်ပြည်နယ်တွင် ယခုနှစ် မတ်လ ၇ ရက်ကစပြီး ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်များက ဗန်းမော် – မြစ်ကြီးနားကားလမ်းတလျှောက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများကို တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လျက်ရှိသည်။
အဆိုပါတိုက်ပွဲများကြောင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တွင်း၊ မြို့ပြင် စစ်ဆေးရေးတင်းကြပ်နေပြီး မတ်လ ၇ ရက် ညကစတင်ပြီး တက္ကသိုလ်ကျောင်းဝင်းတွင်း တပ်စွဲလျက်ရှိသည်။
ကချင်ပြည်နယ်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် စစ်ကောင်စီတပ်အကြား ယခုနှစ် ဇန်နဝါရီလကစတင်ပြီး တိုက်ပွဲများပြင်းထန်နေကာ မတ်လ ၇ ရက်ကစ၍ ၂ ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲသည့် ဗျူဟာကုန်းများနှင့် တပ်စခန်းကုန်းများ အပါအ ဝင် ရှေ့တန်းကာကင်း စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၃၀ အထက် လက်လွှတ်ဆုံးရှုံးခဲ့သည်။
ပုံစာ – ရောဘတ်စစ်ရှောင်စခန်းမှ ပြောင်းရွှေ့နေသည့် စစ်ရှောင်ပြည်သူများ။
************
Telegram– > https://t.me/newstlk/3939
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8604