TNLA က တအာင်းဒေသပြန်လည်ထူထောင်ရေးအတွက် သိန်း ၄,၀၀၀ ကျော်ထောက်ပံ့
******
ယမင်းဖူးပွင့်အောင်
မတ် ၂၂၊ ၂၀၂၄။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLA က တအာင်းဒေသတွင် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ရန်အတွက် မြန်မာကျပ်ငွေ သိန်း ၄,၀၀၀ ကျော်ထောက်ပံ့ပေးခဲ့သည်ဟု ဒေသခံများထံကသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြိုနယ် ပြန်လည်ထူထောင်ရေးအတွက် TNLA က လူထုနှင့်တွေ့ဆုံကာ ကျပ်သိန်းပေါင်း ၄,၀၀၀ကျော် လိုက်လံထောက်ပံ့ပေးခဲ့သည်ဟု TNLA က ယနေ့ တွင်ထုတ်ပြန်သည်။
အဆိုပါထောက်ပံ့ငွေများကို PSLF / TNLA အုပ်ချုပ်ရေးဌာနက ဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဂျားနှင့် တာဝန် ရှိသူများက မြိုနယ်အလိုက် ထိခိုက်ပျက်စီးသွားသည့်နေအိမ်က ကာယကံရှင်မိသားစုများထံ အခမ်းအနားဖြင့် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးပစ်ခတ် တိုက် ခိုက်မှုကြောင့် နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုင်းငေါ့မြိုနယ်အတွင်း နေအိမ်ပေါင်း ၄၂၁ လုံး ဝန်းကျင် ထိခိုက် ပျက်စီးခဲ့ရာ စုစုပေါင်း ကျပ်သိန်းပေါင်း ၄၄၃,၆၀၀,၀၀၀ ခန့် ပေးအပ်ထောက်ပံ့ခဲ့သည်။
ထိခိုက်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ထိခိုက်ပျက်စီးမှုပေါ်မူတည်၍ အဆင့် A၊ အဆင့် B နှင့် အဆင့် C သတ်မှတ်ကာ ပေးအပ်ထောက်ပံ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထိခိုက်ပျက်စီးသွားသည့်နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးခြင်းနှင့်အတူ စစ်ကောင်စီ တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိခိုက်မှုကြောင့်သေဆုံးသွားသည့် ကျန်ရစ်သူမိသားစုဝင်များ ကိုလည်း သတ်မှတ်ထားသည့်ထောက်ပံ့ငွေများ ပေးအပ်ထောက်ပံ့ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ထောက်ပံ့ငွေများပေးအပ်ထောက်ပံ့ရာတွင် PSLF/TNLA အပြင် တအာင်းအရပ်ဘက်အဖွဲ့အစည်းအချို့ကလည်း လိုက်လံပေးအပ်ထောက်ပံ့ခဲ့ပြီး PSLF/TNLA ၏ ထိန်းချုပ်မှုအောက်တွင် ကျန်ရှိနေသည့် မြိုနယ်များတွင်လည်း ပေးအပ်ထောက်ပံ့သွားမည်ဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PSLF/TNLA
************
Telegram– > https://t.me/newstlk/3936
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8600