တောင်ပိုင်းမဟာမိတ်များနှင့်ပူးပေါင်းပြီး MLA တပ်သားသစ်အင်အားတိုးချဲ့မည်
***************
သဇင်
မတ် ၁၆၊၂၀၂၄
တောင်ပိုင်းတိုင်းမဟာမိတ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး မွန်ပြည်လွတ်မြောက်ရေးတပ်တော် – MLA က တပ်သားသစ်အင်အားတိုးချဲ့သွားမည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော်ထံက သိရသည် ။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – TNLAထံတွင် အချိန် ၁ နှစ်ကျော် စစ်ပညာသင်ယူခဲ့ပြီးနောက် လက်ရှိတွင် စစ်အင်အားတိုးချဲ့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
တပ်သားသစ်ခေါ်ယူပြီး အခြေခံစစ်ပညာသင်ကြားပေးရာတွင် မဟာမိတ်ဖြစ်သည့် TNLA ထံက ရရှိခဲ့သော စစ်ပညာအပြင် တောင်ပိုင်းမဟာမိတ်အဖွဲ့များ၏ ပူး ပေါင်းကူညီမှုဖြင့် စစ်ပညာသင်ကြားပေးနေသည်ဟု မွန်ပြည်လွတ်မြောက်ရေးတပ်တော်အတွင်းရေးမှူး နိုင်မာဃပါ က သံလွင်ခက်ကိုပြောသည်။
၎င်းက “စစ်သင်တန်းပေးတဲ့အခါမှာတော့ အဓိက က ကျွန်တော်တို့ သင်ကြားလာခဲ့တဲ့ပညာရပ်တွေနဲ့ ဒီတောင်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ မသိနေသေးတဲ့ ပညာရပ်တွေ ကို မဟာမိတ်တွေနဲ့တိုင်ပင်ပြီး အကောင်းဆုံးမဟုတ်ရင်တောင် ကျွန်တော်တို့ လုပ်နိုင်တဲ့ထဲက အကောင်းဆုံး ကို ကြိုးစားပြီးသင်တန်းသားတွေအတွက် ပြင်ဆင်ထားပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် မွန်ပြည်လွတ်မြောက်ရေးတပ်တော်သည် အပတ်စဉ် ၄ အထိ သင်တန်းသားသစ်ခေါ်ယူထားကာ စစ်ပညာသင်ကြားပေးနေပြီဟု မတ်လ ၁၄ ရက်၌ ထုတ်ပြန်ထားသည်။
မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များတွင် အစဉ် အလာကြီးမားသည့် မွန်ပြည်သစ်ပါတီသည် အာဏာ သိမ်းကာလတွင် ငြိမ်းချမ်းရေးလမ်းစဉ်အတိုင်းသွားနေသည့်အပြင် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများကိုလည်းအကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည်။
ထို့အတွက်ကြောင့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် မွန်လူငယ်များသည် အခြားတိုင်းရင်းသားနယ် မြေများသို့သွားရောက်ကာ စစ်ပညာသင်ကြားခဲ့ရသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၄ ရက်တွင် စစ်ကောင်စီကိုလက်နက်ကိုင်တော်လှန်သွားမည့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP-AD သည် မွန်ပြည်သစ်ပါတီမှခွဲထွက်လာခဲ့သည့်အပြင် မွန်ပြည်လွတ် မြောက်ရေးတပ်တော်သည်လည်း မွန်ပြည်နယ်အတွင်း ပြန်လည်အခြေချလာပြီဖြစ်သောကြောင့် စစ်ပညာသင် ကြားလိုသောမွန်လူငယ်များတွင် အခွင့်အလမ်းများစွာ ရှိလာပြီဖြစ်သည်။
မွန်လူငယ် ၁ ဦးက ” အခုလိုမျိုးဖြစ်လာတာကို ဝမ်းသာမိတယ်။ ဟိုအရင်ကလိုမျိုး စစ်ပညာကို ကိုယ့်မွန်အဖွဲ့အစည်းတွေက မသင်ပေးဘဲ AA တို့လို “KIA” တို့ကနေ သွားသင်ခဲ့ရတယ်။ အခုဆိုရင် ကိုယ့်ဒေသမှာတင် စစ်ပညာကို အလွယ်တကူသင်ကြားခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်” ဟုဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြန်လည်အသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်ရှိ လူငယ်အများအပြား စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကာ မွန်တော်လှန်ရေးအဖွဲ့များထံသို့ ဝင်ရောက်လာသူများပြားခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဓာတ်ပုံ – MLA
ပုံစာ – မွန်ပြည်လွတ်မြောက်ရေးတပ်တော်တွင် စစ်ပညာသင်ကြားနေသည့် တပ်သားသစ်များမြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3780
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8387