လိုင်ဇာကို လက်နက်ကြီးဖြင့်ပစ်ခတ်လေ့ရှိသည့် ဘွမ်ရယ်တောင်ကို KIA သိမ်းပိုက်
**********************
ထွယ်
မတ် ၁၆၊ ၂၀၂၄။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် – KIO / KIA ၏ ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နှင့် အနီးဆုံးတွင်ရှိသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များတပ်စွဲထားသော ဘွမ်ရယ်တောင် (Bumre Bum) ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စခန်းကို အပြီးတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်များထံက သိရသည်။
၎င်းက “မနေ့ (မတ်လ ၁၄) မနက်ကတည်းက ပြန်ဝင်တိုက်တာ ဒီနေ့ သိမ်းလိုက်နိုင်ပြီ” ဟု ဆိုသည်။
ဘွမ်ရယ်တောင် – Bumre Bum ကို တိုက်ခိုက်သိမ်းပိုက်စဉ် လက်နက်ခဲယမ်းများ အများအပြားသိမ်းဆည်းရမိခဲ့ သည်ဟု ၎င်းက ဆက်ပြောသည်။
ဘွမ်ရယ်တောင် – Bumre Bum တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လိုင်ဇာမြို့နှင့် အနီးဝန်းကျင်ကို အစဉ်အမြဲ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိပြီး အမှတ် ၂၁ စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် – စကခ ၂၁ ဗျူဟာမှူးတပ်ထိုင်သည့် တပ်စခန်းလည်းဖြစ်သည်။
အဆိုပါ ဘွမ်ရယ်တောင် – Bumre Bum သည် နှစ်ဖက်စစ်ဆင်ရေးအတွက် အလွန်အရေးပါသည့် တပ် စခန်းကုန်းတစ်ခုဖြစ်သည်။
ဘွမ်ရယ်တောင် – Bumre Bum သည် KIA ထိန်းချုပ်နယ်မြေရှိ တပ်စခန်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် KIA တပ်ဖွဲ့ဝင်များဆုတ်ခွာသွားပြီးနောက် အဆိုပါစခန်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲခဲ့ ခြင်းဖြစ်သည်။
ထို့နောက် ယမန်နေ့တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက တဖန် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနား – ဗန်းမော်ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင် များက မတ်လ ၇ ရက်ကတည်းကပင် တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ဘွမ်ရယ်တောင် Bumre Bum ကို မတ်လ ၇ ရက်ကလည်း ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ထိုစစ်ဆင်ရေးတွင် စစ်ကောင်စီက လေကြောင်းဖြင့်အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့သဖြင့် ယမန်နေ့တွင်မှ စခန်းကို အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်ကစတင်၍ ယနေ့အချိန်ထိ စစ်ကောင်စီတပ်များတပ်စွဲထားသော ခယာဘွမ် – Hkaya Bum၊ ဖွန်းပရန်တောင် – Hpun pyen bum နှင့် အင်းတပ်တောင် – N tap Bum အပါအဝင် မလိတပ် စခန်းကြီးနှင့် စစ်ကောင်စီ၏ ရှေတန်းကာကင်းစခန်းများ စခန်းကြီး၊ စခန်းငယ် စုစုပေါင်း ၂၀ ထက်မနည်းကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA က တိုက်ခိုက်သိမ်းပိုက်ထားသည်ဟု သိရသည်။
ယခုကဲ့သို့ ထိုးစစ်ဆင်တိုက်ခိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် လိုင်ဇာမြို့နှင့် အနီးတဝိုက်ကို နေ့ရောညပါ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3779
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8383