နမ္မတူပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်ရန် CDM ဝန်ထမ်းများကို TNLA ဖိတ်ခေါ်
*************
ယမင်းဖူးပွင့်အောင်
မတ် ၁၆၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ပြည်သူ့ဆေးရုံကြီးကို CDM ဝန်ထမ်းများဖြင့် လည်ပတ်လျက်ရှိပြီး ဝန်ထမ်းအင်အားလုံလောက်မှုမရှိသေးသည့်အတွက် CDM ပြုလုပ်ထားသည့် မည်သည့်ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဟု သိရသည်။
နမ္မတူမြို့၊ ပြည်သူ့ဆေးရုံကို CDM ဆရာဝန်ကြီး အပါ အဝင် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများနှင့် လည် ပတ်နေပြီဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက် ရေးတပ်မတော် – TNLA က ယနေ့တွင်ထုတ်ပြန်သည်။
နမ္မတူပြည်သူ့ဆေးရုံတွင် လိုအပ်ချက်တချို့နှင့် ဝန်ထမ်းအင်အားလုံလောက်မှုမရှိသေးသော်လည်း ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်များကို ၂၄ နာရီ အချိန်ပြည့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်ဟု TNLA ကဆိုသည်။
နမ္မတူမြို့နှင့် အနီးဝန်းကျင်ကျေးရွာကပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့အတွက် ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းများအပြင် အနယ်နယ်အရပ်ရပ်တွင် CDM ပြုလုပ်ထားသည့် မည်သည့် ကျန်းမာရေးဝန်ထမ်းကိုမဆို ဖိတ်ခေါ်သွားမည်ဖြစ်သည်ဟု သိရသည်။
“ အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမယ့် ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အခုဒီမှာက ဒေသခံ CDM ကျန်းမာရေးဝန်ထမ်းတွေက အများဆုံးပါဝင်ပါတယ်။ ဝန်ထမ်းအင်အားက လုံလုံလောက်လောက်တော့ မရှိသေးဘူး။ ဒါကြောင့် ဒေသခံတွေအပြင် အနယ်နယ်အရပ်ရပ်က CDM လုပ်ထားတဲ့ ဘယ်သူ့ကိုမဆို ကျနော်တို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ပါတယ် ”ဟု PSLF/TNLA ကျန်းမာရေးဌာန၏ တာဝန်ရှိသူ ၁ ဦးက TNLA သတင်းနှင့်ပြန်ကြားရေးဌာနကို ပြောကြားထားသည်။
ကျန်းမာရေးဝန်ထမ်း ၁၈ ဦးဖြင့် နမ္မတူဆေးရုံကို စတင်လည်ပတ်နေခြင်းဖြစ်ပြီး မြန်မာပြည်အောက်ပိုင်းမှ ဖိတ်ခေါ်ထားသည့် ကျွမ်းကျင် CDM ဆရာဝန်ကြီးအချို့နှင့်အတူ CDM ပြု လုပ်ထားသည့် ဒေသခံကျန်းမာရေးဝန်ထမ်းများ၊ CBHTဆရာ၊ဆရာမများလည်း ပါဝင်သည်။
နမ္မတူပြည်သူ့ဆေးရုံသည် စစ်ကောင်စီအုပ်ချုပ်စဉ်ကတည်းက တည်ရှိသည့်ဆေးရုံဖြစ်ပြီး ယခုကဲ့သို့ ပြန် လည်ဖွင့်လှစ်လာသည်မှာ အလွန်ကောင်းမွန်သည်ဟု နမ္မတူမြို့ အမျိုးသားဒေသခံ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“ကိုယ်ကိုယ်တိုင်လည်း ကျန်းမာရေးမကောင်းတဲ့ မိသားစုဝင်ရှိတယ်။ နီးနီးနားနားရှိတော့ ကုန်ကျစရိတ်ကအစ သက်သာသွားတယ်။ မဟုတ်ရင် နမ့်ဆန်တို့ လားရှိုးတို့သွားရရင် ဆေးကုသစရိတ်ထက် ကုန်ကျစရိတ်က ပိုများနေတာပေါ့” ဟုဆိုသည်။
PSLF/TNLA က အပြည့်အဝထိန်းချုပ်ထားသည့် နမ္မတူမြို့တွင် လက်ရှိ၌ အုပ်ချုပ်ရေးယန္တရားများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်ဟု TNLA ထံက သိရသည်။
နမ္မတူမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PSLF/TNLAက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီထံက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အုပ်ချုပ်ရေးယန္တရားများ ဖော်ဆောင်လျက်ရှိသည်။
ဓာတ်ပုံ – PSLF/TNLA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3784
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8393