လက်နက်ကြီးထိမှန်မှုကြောင့် ယင်းမာပင်မြို့နယ်က ဒေသခံ ၄ ဦးသေဆုံး၊ ၁၇ ဦးခန့်ထိခိုက်ဒဏ်ရာရ
********************************
သဇင်
မတ် ၁၄၊၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် အတွက် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၁၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မတ်လ ၁၃ ရက်၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်အထိုင်ချနေထိုင်သော ရွှေတောင်ဦးကုန်းပေါ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်ရာ ကျေးရွာအတွင်း ၅ ကြိမ်ကျရောက်ခဲ့သည် ဟု သိရသည်။
ဒေသခံအမျိုးသား ၁ ဦးက “နမခ ကထွက်လာတဲ့ စစ် သားတွေက အကျိုးအကန်းကုန်းကနေ လက်နက်ကြီးတွေနဲ့ပစ်တာ စည်လှောင်ရွာထဲကိုကျတယ်။၂ ကြိမ်မြောက်လောက်မှာ စထိတာ။ အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၁ ဦးက ရွာထဲမှာတင် သေဆုံးသွားတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်သည် ယခုကဲသို့ ယင်းမာပင်အနောက်ခြမ်းကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက် ကြီးဖြင့်ပစ်ခတ်နေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်၍ ထိုကျေးရွာများရှိဒေသခံများသည်လည်း စိုးရိမ်ထိတ်
လန့်စွာနေနေရသည်ဟု ၎င်းကဆက်ပြောသည်။
ယင်းအပြင် စည်လှောင်ကျေးရွာက နေအိမ် ၁၀ လုံးထက်မနည်းပျက်စီးခဲ့ပြီး နွား ၄ ကောင် လက်နက်ကြီးထိမှန်ခဲ့ကာ ၁ ကောင်သေဆုံးခဲ့သည်ဟုသိရသည်။
ယင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ကနီမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အထိအခိုက်များသည့်အတွက် အရပ်သားပြည်သူများကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည်ဟု စစ်ရေးနီးစပ်သူ ၁ ဦးက သုံးသပ်ပြောဆိုထားသည်။
“ဒါမျိုးလုပ်တာက ကနီမှာ သူတို့ဘက်က သေဆုံးတာတွေရှိတယ်။ စစ်လက်နက်ကြီးတွေ ဆုံးရှုံးတာမျိုးတွေရှိမယ်။ဒါတွေကို ပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့ ပြည်သူတွေကို ဒီလိုမျိုးပြန်လုပ်တယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်” ဟုဆိုသည်။
လက်ရှိတွင် စည်လှောင်ကျေးရွာအနီးတဝိုက်ရှိ ကျေးရွာ ၁၀ ရွာခန့်က ဒေသခံထောင်ချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု စစ်ရှောင်အရေးကူညီသူများထံကသိရသည်။
စစ်ကိုင်းတိုင်းသည် တော်လှန်ရေးအင်အားစုများ အား ကောင်းရာဒေသဖြစ်သည့်အတွက် စစ်ကောင်စီတပ်နှင့်မကြာခဏထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်ကလည်း ၎င်းတို့ဆုံးရှုံးခဲ့သည့် နယ်မြေများ ပြန် လည်ရရှိရန် အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ် သည်။
ဓာတ်ပုံ – ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး။
ပုံစာ – စစ်အုပ်စုက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် စည်လှောင်ကျေးရွာရှိ သေဆုံးသူဒေသခံများနှင့် ပျက်စီးဆုံးရှုံးမှုများ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3756
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8341