မွန်ပြည်နယ်တွင် ” ဘီလူးနင်းမယ့်လမ်း ” စစ်ဆင်ရေး စတင်
**********************
သဇင်
မတ် ၁၄၊၂၀၂၄။
” ဘီလူးနင်းမယ့်လမ်း ” စစ်ဆင်ရေးအနေဖြင့် မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်တွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ရေးမြို့၊ ချောင်းတောင်တံတားစစ်ဆေးရေးဂိတ်ကို ရေးဘီလူးတပ်ဖွဲ့က စတင်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ ဒဏ်ရာပြင်းထန်သူများလည်းရှိသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “သူတို့ဘက်က အများကြီးတော့ လမ်းမှာကျတာတော့ တွေ့တယ်။ ဘန်ကာထဲမှာ ထိတာမျိုးတော့တွေ့တယ်။ ပြည်သူတွေနဲ့ ဆေးရုံရဲ့အတည်ပြုချက်အရ သူတို့ဘက်က ၂ ဦးက ပွဲချင်းပြီးသေသွားပြီ။ ဒဏ်ရာရသူ ၅ ဦးလောက်ရှိမယ်။ ဒဏ်ရာပြင်းထန်တယ်”ဟု ဆိုသည်။
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားချိန်ကြာမြင့်ခဲ့ပြီး ရေးဘီလူးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဆုံးရှုံးမှုရှိခဲ့သည်ဟု သိရသည်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “ ကျွန်တော်တို့ဘက်က ကား ၁စီး သေနတ်ကျည်ဆံဒဏ်ရာတွေထိပြီး ကျေသွားတယ်။ တပ်သား ၁ ယောက် လက်မှာထိတယ်။ လက် မောင်းဟိုဘက်ဒီဘက်ကျွံသွားတယ်။ ဒါပေမယ့် ဆုတ်လမ်းကိုတော့ အကောင်းဆုံးဆုတ်ခွာနိုင်ခဲ့တယ်”ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၁၀ ရက်တွင် “ဘီလူးနင်းမယ့်လမ်းစစ်ဆင်ရေး”ကို အကောင်အထည်ဖော်မည်ဖြစ်သည့်အတွက် မွန်ပြည်နယ်အတွင်း မည်သည့်နေရာဒေသတွင်မဆို တိုက်ပွဲဖြစ်လာနိုင်တာကြောင့် ပြည်သူများအနေဖြင့် သတိပြုသွားလာကြရန် ရေးဘီလူးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3754
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8335