ဖားကန့်ရှိ တပ်စခန်း ၁ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်
*********************
ထွယ်
မတ် ၁၄၊ ၂၀၂၄။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် တန် ၃၀၀၀ – Tan 3000 စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်လိုက်သည်ဟု ပူးပေါင်းတပ်များထံက သိရသည်။
အဆိုပါစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့တွင် စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဖြစ်သည်ဟု ရှေ့ တန်းသတင်းရင်းမြစ်များထံက သိရသည်။
KIA သတင်းရင်းမြစ် ၁ ဦးက “သူတို့စခန်းစွန့်ခွာသွားကြတာ။ သိမ်းလိုက်ပြီ” ဟုပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော် – KIA ၏ တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေရှိ တန် ၃၀၀၀ – Tan 3000 စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟုလည်း KIA ၏ သတင်းဌာနတစ်ခုဖြစ်သည့် The Kachin Net က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် ယခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်မှ မတ်လ ၁၃ ရက်အထိ ရက်ပေါင်း ၁၇ ရက်အတွင်း KIA နှင့်ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်း ၄ ခု တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါစခန်းများသည် တာမခန်ရှိ နယ်မြေရဲစခန်း၊ တာမခန်တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၁၁၉ တပ်နှင့် ကသိုင်းတောင်၌ တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းအပါအဝင် ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တန် ၃၀၀၀ စခန်းကုန်း တို့ဖြစ်သည်။
ထို့အပြင် ယခုနှစ် ဇန်နဝါရီလ ၂၀ ရက်ကလည်း ဝှေခါကျေးရွာအနီးရှိ စစ်ကောင်စီဗျူဟာကုန်းကို KIA နှင့် ပူး ပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲတွင်း စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့သည်။
KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များ၏ တိုက်ပွဲအတွင်း တာမခန်ကျေးရွာရှိ နေအိမ်မီးလောင်ပျက်စီးမှုနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ သေဆုံးမှုလည်းရှိခဲ့သည်။
ယခုနှစ်အတွင်း ဖားကန့်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးက ဒေသခံအများအပြားသည် ယနေ့အချိန်ထိ တိုက်ပွဲတိမ်းရှောင်နေကြရဆဲ ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3741
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=8311