တအာင်းဒေသများ၌ မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ဆောင်မည်ဟု TNLA ဆို
*******************************************
ယမင်းဖူးပွင့်အောင်
မတ် ၁၃၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသများတွင် မူးယစ်ဆေးဝါးကင်းစင်ရေးရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ငန်းကြီး ၁ ရပ်အနေဖြင့်ချမှတ်ကာ အစဉ်တစ်စိုက် တိုက်ဖျက်နေသည်ဟု တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် – TNLA ထံက သိရသည်။
မူးယစ်ဆေးဝါးမှန်သမျှကို လုပ်ငန်းစဉ်ချမှတ်ပြီးတိုက်ဖျက်သွားမည်ဖြစ်သလို ထိုက်သင့်သည့်ပြစ်ဒဏ်များ ချမှတ် ကာ အရေးယူဆောင်ရွက်သွားမည်ဟု TNLA ရုံးပြောရေးဆိုခွင့်ရှိသူ ဗိုလ်ယေဦးက သံလွင်ခက်ကိုပြောသည်။
“မူးယစ်ဆေးဝါးကိုတိုက်ဖျက်ဖို့ ကြေညာထားတာလည်း ဆယ်စုနှစ်နီးပါးရှိပါပြီ။ ဘိန်းစိုက်တောင်သူတွေအတွက် လောလောဆယ်တော့ ဘာမှမလုပ်ပေးနိုင်ဘူး။ နောက်ပိုင်းမှာတော့ အစားထိုးသီးနှံတွေပြန်လုပ်ပေးဖို့ စီစဉ်ထား တာတော့ရှိပါတယ်” ဟုဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ တအာင်း တပ်မဟာ ၁ စစ်ဒေသရှိ ကျေးရွာပေါင်း ၁၅ ရွာက ဘိန်းစိုက် ခင်းပေါင်း ၁,၁၂၅ ဧက ကို မတ်လ ၄ ရက်ကစ၍ ၁၂ ရက်အထိ ရက်ပေါင်း ၉ ရက်ကြာ အချိန်ယူဖျက်ဆီးခဲ့သည်ဟု TNLA က ယနေ့တွင် ထုတ်ပြန်သည်။
TNLA က ဖျက်ဆီးခဲ့သော ဘိန်းစိုက်ဧကများမှာ တာကွမ့်တွင် ၂၈၄ ဧက၊ ရှောက်ကုန်းကန်တွင် ၁၆၄ ဧက၊ မန်ပန်း (ထက်၊အောက်)တွင် ၁၅၇ ဧက၊ ကန်ဖာဖိုတွင် ၁၅ ဧက၊ အထက်ဆတန်းတွင် ၃၂ ဧက၊ အောက်ဆတန်းတွင် ၂၇ ဧက၊ ပန်ဆေးတွင် ၁၅၉ ဧက၊ ဆန်ချယ်တွင် ၅၇ ဧက၊ မန်မောင်းတွင် ၁၁၇ ဧက၊ မန့်မိုင် တွင် ၁၄ ဧက၊ လျောက် ပန်းကုန်းတွင် ၁၉ ဧက ၊ ပုံစာတီတွင် ၁၀ ဧက၊ ၁၂ မိုင်တွင် ၃၅ ဧက၊ ပါင်ဝိုတွင် ၁၀ ဧကနှင့် မည်ခမ်းတွင် ၂၅ ဧကတို့ဖြစ်သည်။
အဆိုပါဒေသများသည် စစ်တပ်လက်အောက်ခံ ပန်ဆေးပြည်သူ့စစ်များထိန်းချုပ်ခဲ့သည့်နေရာဒေသဖြစ်ပြီး၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် တစ်ကြိမ်၊ ၂၀၂၀ ခုနှစ် မတ်လ ၁၅ ရက်တွင် တစ်ကြိမ် TNLA က ဘိန်း စိုက်ခင်းများ သွားရောက်ဖျက်ဆီးခဲ့ကာ ဖျက်ဆီးနေစဥ်အတွင်း ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားခဲ့ဖူးသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
နမ့်ခမ်းမြို့ကို TNLA က သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ယခုနှစ် မတ်လအတွင်း ဘိန်းစိုက်ခင်းဖျက်ဆီးရေးလုပ်ငန်း များလုပ်ဆောင်ခဲ့သလို ကျန်ရှိနေသည့်ဘိန်းစိုက်ခင်းများကိုလည်း ဆက်လက်ဖျက်ဆီးသွားမည်ဟု TNLA ကဆို သည်။
ဓာတ်ပုံ – PSLF/TNLA
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3733
YouTube – > https://youtu.be/VWUnOqS3CvY?si=v5aJiF7msrZh0BNt
Website – > https://thanlwinkhet.net/?p=8307