သင်္ဃန်းညီနောင် ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်များ ထပ်မံ သိမ်းပိုက်
***************************
နန်းဆုပန်ခန့်
မတ် ၉၊ ၂၀၂၄။
ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင် ရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထပ်မံ သိမ်းပိုက် နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။
သင်္ဃန်းညီနောင် ရဲစခန်းကို ယနေ့ နံနက်အစောပိုင်းတွင် သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ဦးက ဆိုသည်။
၎င်းက ” ဒီမနက်မှာပဲ ခမရ – ၃၅၅ စခန်းမှာ ပွိုင့် ၅တစ်လက်ရတယ်။ သင်္ဃန်းညီနောင် ရဲစခန်းကိုလည်း ဒီမနက်မှာပဲ သိမ်းလိုက်တာ၊ လက်နက်တွေများတယ်၊ အစုံပဲ၊ ” ဟု ဆိုသည်။
ကာကွယ်ရေးပူးပေါင်းတပ်များသည် မတ်လ ၇ ရက်ကစပြီး သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ ခမရ – ၃၅၅တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၈ ရက် နံနံပိုင်းတွင် အဆိုပါ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ခမရ – ၃၅၅တပ်ရင်းကို သိမ်းပိုက်ပြီး နောက်ရက် မတ်လ ၉ ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်များ သင်္ဃန်းညီနောင် ရဲစခန်းကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ ခမရ – ၃၅၅တပ်ရင်းကို သိမ်းပိုက်ခဲ့ရာတွင် လက်နက်အလက် ၈၀ ကျော်အပါအဝင် ပွိုင့် ၅ သေနတ်တစ်လက်နှင့် ကျည်များကို သိမ်းဆည်းရမိခဲ့ပြီး သင်္ဃန်းညီနောင် ရဲစခန်းကို သိမ်းပိုက်ခဲ့ရာ၌လည်း လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက် ထိခိုက်ကျဆုံးမှုများခဲ့သည့်အတွက် မတ်လ ၇ရက်စပြီး ၃ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀ ထက်မနည်း တိုက်ခိုက်ခဲ့သည်။
အဆိုပါဖြစ်စဉ်အတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3687
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8220