စစ်ကောင်စီတပ်စခန်းများကို KIA ဆက်လက်သိမ်းပိုက်
****************************
ထွယ်
မတ် ၉၊ ၂၀၂၄။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွပ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက မတ်လ ၇ ရက်စပြီး ယနေ့ မတ်လ ၉ ရက်နေ့ထိ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
ထိုးစစ်ဆင်တိုက်ခိုက်သည့်နေ့မှစ၍ စစ်ကောင်စီ၏ အထိုင်တပ်စခန်းကုန်းများနှင့် ရှေ့တန်း ကင်းစခန်းအမြောက်အများကိုလည်း သိမ်းပိုက်ထားနိုင်လျက်ရှိသည်။
မတ်လ ၇ ရက်နေ့နှင့် ၈ ရက်နေ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ဌာနချုပ်ရှိရာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့နှင့်အနီးဆုံး၌ရှိသည့် စစ်ကောင်စီတပ်စွဲထားသော ဖွန်းပရန်တောင် (Hpun Pyen Bum)၊ ဘွမ်ရေဘွမ်(Bumre Bum)နှင့် အင်တပ်တောင် (N tap Bum) ရှိ တပ်စခန်းများ အပါအဝင် နမ်ဖတ်ချောင်းတံတားဂိတ်စခန်းအပြင် ဝိုင်းမော်မြို့နယ်၊ အောင်မြေ (၁) ကျေးရွာတွင် တပ်စွဲထားသော ဦးရွှေမင်း၏ ပြည်သူ့စစ်စခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ရှင်းလင်းရေးများ ပြုလုပ်နိုင်ခဲ့သည်ဟု KIA ရှေ့တန်း သတင်းရင်းမြစ်က သံလွင်ခက်သတင်းဌာနကိုပြောသည်။
ထို့ပြင် မတ်လ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် ဝိုင်းမော်မြို့နယ် မလိကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ယမန်နေ့က စခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ပြီး ခယာတောင် (Hkaya Bum) အောက်ဘက်ရှိ စစ်ကောင်စီ၏ ရိခူးကောင် (Yihku Kawng) ကာကင်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု KIA ၏ သတင်းဌာန တစ်ခုဖြစ်သည့် The Kachin Net က ထုတ်ပြန်ခဲ့သည်။
ခန်းဂိုင်တောင် (Hkang Gai Bum) တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏ လက်နက်ကြီးတပ် ခ.မ.ရ (၁၄၂) ကိုလည်း ဆက်လက်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်၌ ဖော်ပြထားသည်။
KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များအား စစ်မျက်နှာအားလုံးဖွင့်ပြီး တိုက်ခိုက်နေသည့်အပြင် ကချင်ပြည်နယ်မြောက်ပိုင်း မလိခမြစ်အရှေ့ခြမ်းရှိ KIA တပ်မဟာ ၁ နယ်မြေ ဆွမ်ပရာဘွမ်မြို့နယ်တွင်လည်း ယမန်နေ့ မတ်လ ၈ ရက်နေ့ကစ စစ်ကောင်စီ၏ တပ်စခန်းကို KIA ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
ပုံစာ – ရှေ့တန်းတနေရာတွင် တွေ့ရသည့် KIA ရဲဘော်များ။
Photo -The Kachin Net
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3682
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8210