လက်နက်ကြီးထိမှန်မှုကြောင့် မုန်း ဒေသခံ ၇ ဦးသေဆုံး
**************************************
သံလွင်ခက်။
မတ် ၉ ၊ ၂၀၂၄။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင် ) ၊ မုန်းမြို့နယ် ( မူးမြို့နယ် ) အတွင်း စစ်ကောင်စီတပ်က မတ်လ (၄) ရက်နေ့မှ (၇) ရက်နေ့အထိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ (၇) ဦးသေဆုံးခဲ့ရပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က မတ်လ ၈ ရက်တွင် ထုတ်ပြန်သည်။
မတ်လ ၄ ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကွင်းချောင်းဝမှနေ၍ ဟော်ဝစ်ဇာ လက်နက်ကြီးများအား (၇)လုံး ထပ်မနည်းပစ်ခတ်ရာ ရေလဲကျေးရွာအနီးအနား၊ နှောင်ကုန်း ကျေးရွာ၊ မရမ်းစိန်ကြီးနှင့် မရမ်းစိန်လေးကျေးရွာအတွင်းသို့ အသီးသီးကျရောက်ပေါက်ကွဲခဲ့သည့်အတွက်
မရမ်းစိန်လေးရွာက အသက် (၆၆) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အသက် (၃၈) နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
မတ်လ ၆ ရက်တွင်လည်း စစ်ကောင်စီတပ်၏ ကညွတ်ကွင်း အခြေစိုက် ခမရ−၄၃၉ က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဘုရားလဟာ ကျေးရွာအုပ်စု ခြောက်အိမ်စု ကျေးရွာက ဒေသခံ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့ပြင် မတ်လ ၇ ရက်တွင်လည်း စစ်ကောင်စီ ခမရ−၄၃၉ မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် ဘုရားလဟာရွာအတွင်းကျရောက်ပေါက်ကွဲသောကြောင့် ရွာသား (၄) ဦးသေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီတပ်က ထိုကဲ့သို့ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အပြင် ပြည်သူ (၁၁) ဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
မုန်းမြို့နယ် အတွင်းရှိကျေးရွာအတွင်းသို့ တနင်္သာရီအခြေစိုက်တပ် ခမရ−၅၈၂ အပါအဝင် စစ်ကောင်စီ ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျှက်ရှိပြီ နေ့စဉ်လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာပေါင်း(၁၈)ရွာမှ လူဦးရေ စုစုပေါင်း တစ်သောင်းကျော် (၁၀၉၆၄)ဦး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – KNU ညောင်လေးပင်ခရိုင် ( ခလယ်လွီထူခရိုင် ) −သတင်းနှင့်ပြန်ကြားရေး။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3681
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8207