ကနီမြို့ လက်မလွှတ်ရရေး စစ်ကောင်စီ အင်အားဖြည့်တင်း
*****************************
သံလွင်ခက်
မတ် ၈ ၊ ၂၀၂၄။
တော်လှန်ရေးတပ်များက မြို့ဧရိယာအများစုကို ထိန်းချုပ်ထားနိုင်သော စစ်ကိုင်းတိုင်း၊ ကနီမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်သည် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မတ်လ ၇ ရက်တွင် စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့် နှင့် အင်မထီး ကျေးရွာမှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကနီမြို့သို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
ဒေသခံအမျိုးသား ၁ ဦးက ” တိုက်ပွဲကတော့ ပြင်းထန်နေတာပေါ့။ မြေပြင်မှာလည်း မနေ့က အင်အားလာဖြည့် သွားတယ်၊ လေယာဉ်နဲ့ ၅ ခေါက်ချသွားတယ်။ လေယာဉ် ၅ ခေါက်ဆိုတော့ အင်အားက အတိအကျတော့ ပြောလို့မရဘူး။ ၁၀၀ ကျော်လောက်ပဲ ပြောလို့ရမှာ ” ဟုဆိုသည်။
မတ်လ ၂ ရက်စတင်ပြီး ကနီမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အထက်တန်းကျောင်းနေရာများကို တော်လှန်ရေးအင်အားစုများက စတင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၇ ရက်တွင် မြို့၏နေရာအများစုကို ထိန်းချုပ်ထားနိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၂ ရက်ကနေ ယနေ့အချိန်ထိ စစ်ကောင်စီတပ်သည် မြို့လက်မလွှတ်ရရေးအတွက် လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၆၀ ကျော်လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ကနီမြို့ကို လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်အင်အားတိုးချဲ့မှုများလုပ်ဆောင်နေသော်လည်း တော်လှန်ရေးတပ်များက မြို့၏ ဧရိယာအများစုကို ဆက်လက်ထိန်းချုပ်ထားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ဒေသခံ ၁ ဦးက ” ပြီးခဲ့တဲ့ ၆ ရက်နေ့ ညကနေပြီးတော့မှ ထိန်းထားနိုင်တယ်။ အခုလည်းထိန်းထားဆဲပါပဲ။ သို့သော် လေယာဉ်နဲ့ လာချသွားတဲ့ဟာတွေက ဒီတိုင်းပဲ မြို့ပေါ်မှာ သူတို့နဲ့ battle ( တိုက်ပွဲ ) ဆိုင်နေရတာပေါ့ ” ဟု ဆိုသည်။
လက်ရှိတိုက်ပွဲများကြောင့် ကနီမြို့ပေါ်ရှိ ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေကြရပြီး ပျူစောထီးနှင့် စစ်တပ်ထောက်ခံသူတချို့သာ မြို့တွင်း၌ ကျန်ရှိတော့သည်ဟု ဒေသခံများထံက သိရသည်။
တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စစ်ကိုင်းတိုင်းရှိ ရွှေပြည်အေး၊ ကောလင်း၊ မော်လူး နှင့် ခမ်းပတ်စသည့် မြို့များကို သိမ်းပိုက်ခဲ့သည်။
ပုံစာ – ကနီမြို့ပေါ်သို့ စစ်ကူရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3666
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8185