မရာဒေသရှိ ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းကြားက အက်ကြောင်းများ
********************************
ထွယ်
မတ် ၅၊ ၂၀၂၄။
တရားသောစစ်ဟူ၍ ပြည်သူများ အလိုရှိသော တိုက်ပွဲများတွင် နှစ်ဖက်ကျဆုံးထိခိုက်မှုရှိစေသည့် တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား တိုက်ပွဲများ မပါဝင်ပါ။
သို့သော် သစ္စာရှိမှုကို ရည်ညွှန်းသော အောက်ချင်းငှက်တို့ကို တန်ဖိုးထားရာ ချင်းပြည်နယ်အတွင်းမှာတော့ ပြီးခဲ့သည့် လပိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့နှစ်ခုအကြား တိုက်ပွဲများရှိခဲ့ရသည်။
ချင်းပြည်နယ်တောင်ပိုင်း မရာဒေသတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့ အချင်းချင်း ရက်ပေါင်း ၃၃ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်ပွားခဲ့ကာ နှစ်ဖက် ရဲဘော်ကျဆုံးမှု ၁၁ ဦး ရှိခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် ချင်းအမျိုးသားတပ်မတော် (CNA) မှ ရဲဘော် ကိုးဦး၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မရာ (Chinland Defense Force – Mara) မှ တစ်ဦးနှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) မှ တစ်ဦး ကျဆုံးခဲ့သည်ဟု ၎င်းတို့ တပ်ဖွဲ့၏ တာဝန်ရှိသူများထံမှ သိရသည်။
အဆိုပါဒေသတွင် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က ချင်းအမျိုးသားတပ်မတော် (CNA) အပါအဝင် ၎င်းလက်အောက်ခံ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မရာ (CDF – Mara) တို့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
မရာမျိုးနွယ်စုချင်း တူသော်လည်း နိုင်ငံရေး ချဉ်းကပ်ပုံ ကွဲပြားမှုကြောင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မရာ (CDF – Mara) ဟူ၍ နှစ်ဖွဲ့ ကွဲထွက်ခဲ့ရပြီး ယခုအချိန်တွင် လက်နက်ဖြင့် ဖြေရှင်းကြသည့် အခြေအနေပါ ရှိနေခဲ့သည်။
တိုက်ပွဲများ၏ အစ
*********
ချင်းအမျိုးသားတပ်မတော် (CNA) ၏ ဗိုလ်မှူးကြီး ဆော်လမွန်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်က တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအစီအစဉ်တစ်ခု၌ ချင်းလဲန်းကောင်စီတွင် မပါဝင်သည့် ချင်းပြည်တွင်းက ကာကွယ်ရေးတပ်များကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ပြောဆိုခဲ့သည်။
ထိုသို့ ပြောဆိုပြီးနောက် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မရာ တပ်ဖွဲ့ဝင်များသည် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) တပ်ချထားသည့် စခန်းအနီး ချဉ်းကပ်လာသဖြင့် ၎င်းတို့ တပ်ဖွဲ့ ကင်းလှည့်စဉ် ထိပ်တိုက်တွေ့ဆုံရာက စတင်ကာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု MDF ၏ ကာကွယ်ရေး အတွင်းရေးမှူး ဓူဝံက သံလွင်ခက်ကို ပြောသည်။
အဆိုပါ တိုက်ပွဲသည် ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်တွင် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတွင်း ချင်းအမျိုးသားတပ်မတော် (CNA) က တပ်ကြပ် တစ်ဦးနှင့် CDF-Mara က တပ်ခွဲမှူး တစ်ဦးတို့ ကျဆုံးကာ CDF-Mara မှ တပ်ရင်းမှူး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိုနေ့ တိုက်ပွဲမှ အစပြု၍ ဇန်နဝါရီလ ၃၁ ရက်က ထန်တလန်မြို့နယ်၊ ခွါပီးလုံကျေးရွာအနီးတွင် တိုက်ပွဲ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီ လဆန်းမှ ၂၅ ရက်နေ့အထိ တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။
လက်နက်ကိုင် အဖွဲ့နှစ်ခု၏ တောင်းဆိုချက်
**********
ထိုကဲ့သို့ မရာနယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်အချင်းချင်း တိုက်ပွဲမဖြစ်ပွားစေလိုလျှင် မရာမျိုးနွယ်စု မဟုတ်သည့် အခြားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ မရာနယ်က ထွက်ခွာပေးပါဟု MDF ၏ ကာကွယ်ရေး အတွင်းရေးမှူး ဓူဝံက ပြောဆိုခဲ့သည်။
၎င်းက “ဒီပြဿနာတွေ တကယ်ကို ပြေလည်စေချင်တယ်၊ ပြီးသွားစေချင်တယ်ဆိုရင်တော့ မရာနယ်ကနေ CNA အပါအဝင် တခြားလက်နက်ကိုင်တွေက အမြန်ဆုံး နောက်ဆုတ်ပေးမယ်ဆိုရင် တိုက်ပွဲဖြစ်လာစရာ အကြောင်းမရှိဘူး။ ပြီးတော့ ဒါက လုံးဝကို ပြဿနာတွေ ပြီးသွားစေမယ့် အရာမို့လို့ လုံးဝကို လိုက်လျောပေးမယ်ဆိုရင်တော့ ကျွန်တော်တို့ အဲဒါကို အလိုချင်ဆုံးပါ” ဟုပြောသည်။
မရာနယ်တွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေခြင်းမှာ MDF သည် ရက္ခိုင့်တပ်တော် (AA) နှင့် ပူးပေါင်းနေခြင်းကြောင့်ဖြစ်သည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ မရာ၏ Defense Secretary က ဆိုသည်။
၎င်းက “MDF က AA နဲ့ မပူးပေါင်းရင်၊ နောက်စကစ (စစ်ကောင်စီ) ကို တော်လှန်ရင် အချင်းချင်း တိုက်ပွဲ ဖြစ်စရာ အကြောင်း မရှိဘူးလေ။ AA က နယ်မြေကျုးကျော်နေတာ။ CNA က လက်မခံဘူး။ ကျွန်တော်တို့က CNA လက်အောက်မှာ နေတဲ့ အဖွဲ့အစည်းဆိုတော့ လက်ခံလို့ မရဘူး” ဟု ပြောသည်။
MDF ၏ အတွင်းရေးမှူး ဓူဝံကမူ AA တပ်ဖွဲ့များ ပလက်ဝမြို့နယ်တွင် ရောက်ရှိနေခြင်းသည် ၎င်းတို့ အဖွဲ့နှင့် မသက်ဆိုင်ကြောင်း ယခုကဲ့သို့ ပြောသည်။
“၂၀၁၇ – ၂၀၁၈ တိုက်ပွဲမှာကတည်းက သူတို့ (AA) က ဒီပလက်ဝမြို့နယ်မှာ နေလာခဲ့တာပါ။ ကျွန်တော်တို့က AA တွေ ပလက်ဝမြို့နယ်ထဲမှာ နေဖို့ မနေဖို့နဲ့ ကျွန်တော်တို့က မနေ့၊ တနေ့က အာဏာသိမ်းပြီးမှ စပြီး ဖွဲ့စည်းလာတဲ့ အဖွဲ့မို့ ဘာမှကို မဆိုင်ပါဘူး”
ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အင်အား ၂၀၀ ခန့် တပ်စွဲထားသည့် ရှင်းလက်ဝစခန်းကုန်း အပါအဝင် ထရွန်အိုင်ဗျူဟာနှင့် ၃၇၇ ပွိုင့်ကုန်းများကို ရက္ခိုင့်တပ်တော် (AA) နှင့် ပူးပေါင်းကာ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (MDF) က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ချင်းပြည်နယ်၊ ပလက်ဝခရိုင်ကို ယင်းဒေသတွင် နေထိုင်သည့် ဒေသခံများသာ ပိုင်ဆိုင်သည်ဟုလည်း ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက မတ်လ ၄ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ထို့ပြင် ပလက်ဝဒေသ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးများကို ရက္ခိုင့်တပ်တော် AA က တာဝန်ယူထားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အစီအစဉ်များကို ချမှတ်လျက်ရှိသည်ဟုလည်း ဦးခိုင်သုခက ထည့်သွင်းပြောဆိုထားသည်။
မရာညီအစ်ကိုများနှင့် ချင်းလက်နက်ကိုင်အင်အားစုများ
*****************
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့စု တစ်ခုဖြစ်သည့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (Maraland Territorial Council – MTC / Maraland Defense Force – MDF) အဖွဲ့သည် ယခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှစ၍ “ချင်းညီနောင်” အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် အတည်ပြုလိုက်ပြီဟု ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။
ထို့နောက် မရာဒေသတွင်း ဖြစ်ပွားနေသည့် မရာအစုအဖွဲ့ နှစ်ခုကြားတွင် ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်သော ချင်းကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ဝင်ရောက်စွက်ဖက်မှုများ မပြုလုပ်ရန်နှင့် ဆက်လက် ကျူးလွန်ပါက “ချင်းညီနောင်” အဖွဲ့သည် MDF အဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုများ စတင်မည်ဟု ဖေဖော်ဝါရီလ ၃ ရက်က ထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်အတူ ပေါက်ဖွားလာသည့် MPC/CDF-Mara သည် Joint Military Council (JMC)၊ Chinland Joint Defense Committee (CJDC) ဖွဲ့စည်းရာတွင် ညီနောင် ချင်းတော်လှန်ရေးအင်အားစုများနှင့် အတူ ပါဝင်ခဲ့သည့် အဖွဲ့ တစ်ခု ဖြစ်သည်။
ထို့နောက် ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့် CJDC လူကြီး အချို့တို့၏ တိုက်တွန်းတောင်းဆိုချက်အရ CDF-Mara နှင့် Mara Army တို့ ပေါင်းစည်းနိုင်ရေးအတွက် Mara Revolution Coordination Team (MRCT) ကို ဖွဲ့စည်းခဲ့ကြပြီး ပေါင်းစည်းရေးကို ကြိုးပမ်းခဲ့ကြသည်ဟု သိရသည်။
အဆိုပါကြိုပမ်းမှု မအောင်မြင်နိုင်ဘဲ Mara Territorial Council (MTC)၊ Maraland Defense Force နှင့် Interim Maraland Council (IMC)/CDF-Mara ဟူ၍ နှစ်ဖွဲ့ကွဲပြီး ရပ်တည်ခဲ့ကြရာ မရာလက်နက်ကိုင် အချင်းချင်းကြား ပြန်လည်ပေါင်းစည်းရေးကို ပြည်တွင်းပြည်ပရှိ မရာပြည်သူများနှင့် မရာ အဖွဲ့အစည်းများမှ နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ကြသည်။ သို့သော် အောင်မြင်မှု မရရှိကြသေးခြင်းဖြစ်သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ – ICNCC ၏ မရာနယ်မြေအတွင်း ဖြစ်ပွားနေသော ပဋိပက္ခအပေါ် တိုက်တွန်းနှိုးဆော်ချက်နှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ရှိဖြစ်ပွားနေသည့် မရာနယ်မြေတွင်းက ပဋိပက္ခများကို မရာအရေးတွင် ပါဝင်နေသည့် မရာ မဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စစ်ဆင်ရေးများ အမြန်ဆုံးရပ်တန့်ရန်နှင့် မရာလက်နက်ကိုင် အစုအဖွဲ့ နှစ်ဖွဲ့အနေဖြင့်လည်း ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာ ဆောင်ရွက်သွားကြရန် ၎င်းက တိုက်တွန်းနှိုးဆော်ထားသည်။
မရာဒေသတွင်းက ဒေသခံများ
***********
မရာလူမျိုးစုများသည် ချင်းပြည်နယ် မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်၊ ပလက်ဝမြို့နယ်များ အပါအဝင် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံများတွင် ပြန့်နှံ့နေထိုင်နေကြသည်။
မရာဒေသတွင် ချင်းအဖွဲ့အချင်းချင်းအကြား ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် ကျေးရွာများက ဒေသခံများသည် အိန္ဒိယနယ်စပ်ဘက်နှင့် တောတောင်ထဲက ခြံ၊ ယာခင်းများတွင် စစ်ဘေးရှောင်နေကြရကာ တချို့ ဒေသခံများသည် လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ခံထားရသည့်အတွက် ဆေးဝါးကုသရန် အခက်အခဲများ ရှိနေကြသည်ဟု သိရသည်။
ဤသည်ကား တော်လှန်ရေးအဖွဲ့အချင်းချင်းကြား ပဋိပက္ခများ၏ နောက်ဆက်တွဲ ရလဒ်များအဖြစ် နယ်မြေခံပြည်သူများက ယုံကြည်ကြပြီး စည်းလုံးသော စစ်အာဏာရှင် တွန်းလှန်ရေး ဖြစ်ဖို့ကိုသာ ပြည်သူများက မျှော်လင့်နေကြပေသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3629
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8118