အပစ်အခတ်ရပ်စဲရေး ရခိုင်တွင် အကျုံးမဝင်ဟု AA ဒုစစ်ဦးစီးချုပ်ဆို
*************************************
ယမင်းဖူးပွင့်အောင်
မတ် ၄၊ ၂၀၂၄။
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် ပြုလုပ်ခဲ့သည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ဆွေးနွေးခဲ့သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သည် ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင်သာ အကျုံးဝင်ပြီး ရခိုင်ဒေသနှင့် သက်ဆိုင်ခြင်းမရှိဟု AA က ဆိုသည်။
“အဓိကကတော့ ရှမ်းမြောက်ကိစ္စကိုဘဲ အပစ်အခတ်ရပ်စဲခဲ့တာဖြစ်တယ်။ ဇန်နဝါရီလ ၁၁ ရက်နောက်ပိုင်းကနေ အတိုင်းအတာတစ်ခုအထိ ရပ်စဲသွားပြီဆိုတော့ လောလောဆယ်ကတော့ ဟိုင်ဂင် is equal to ရှမ်းမြောက်လို့ပဲ ပြောလို့ရမယ်” ဟု ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်မှ ၃ အတွင်း တရုတ်၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA၊ ရက္ခိုင့်တပ်တော်-AA နှင့် စစ်ကောင်စီတို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုနှင့်အတူ တွေ့ဆုံဆွေးနွေးနေသည်မှာ ၄ ကြိမ်မြောက်ရှိပြီဖြစ်သည်။
ဆွေးနွေးပွဲတွင် အစည်းအဝေးနှင့် သက်ဆိုင်သည့် အချက်အလက်များကို ပြင်ပသို့ ထုတ်ဖော်မပြောရန် သဘောတူညီမှုရှိထားသော်လည်း အချို့သောအချက်အလက်များ အွန်လိုင်းတွင်ပျံ့နှံ့နေကာ အလုံးစုံမှန်ကန်ခြင်းမရှိဟု AA ကရှင်းလင်းဖြေကြားသည်။
ချင်းရွှေဟော်ဂိတ် နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ အကောက်ခွန် ၇၀ ရာခိုင်နှုန်းကို MNDAA က ရယူပြီး ၃၀ ရာခိုင်နှုန်းကို စစ်ကောင်စီက ရယူရန် သဘောတူညီခဲ့သည်ဟု သတင်းများထွက်ပေါ်နေပြီး အဆိုပါ အကောက်ခွန်ရာခိုင်နှုန်းသတ်မှတ်သည့် ကိစ္စသည် သတင်းအမှားသာဖြစ်သည်ဟု ဒေါက်တာညိုထွန်းအောင်က ဆိုသည်။
“အနှစ်ချုပ်ပြောလို့ရတာတွေက ကျွန်တော်တို့ဟိုင်ဂင်ရဲ့ တတိယအကြိမ်သဘောတူညီမှုကို ဆက်လက်ဆွေးနွေးတယ်လို့ပြောလို့ရပါတယ်။ အဲ့ထဲမှာ အပစ်အခတ်ရပ်စဲရေးကိစ္စတွေပါတယ်။ နယ်စပ်ထွက်ပေါက်ကိစ္စပါတယ်။ တခြား စစ်ကောင်စီနဲ့တစ်ဖွဲ့ချင်းအလိုက် ဆွေးနွေးရမယ့် ကိစ္စတွေပါတယ်။ နောက်ထပ်တရုတ်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို အထူးသဖြင့် အပစ်အခတ်ရပ်စဲရေးပိုပြီးခိုင်မာစေဖို့ အချက်တွေကို ဆွေးနွေးတယ်လို့ ဖြေကြားလိုပါတယ်” ဟုပြောသည်။
ကိုးကန့်ဒေသတွင် MNDAA ကို ရှမ်းပြည်နယ်အထူးဒေသ တရားဝင် အစိုးရအဖြစ်လည်းကောင်း၊ AA၊ TNLA၊ MNDAA တို့သိမ်းယူထားသည့် မြို့များကို ၎င်းတို့အပိုင်အဖြစ် စစ်ကောင်စီက အသိအမှတ်ပြုပေးပြီး နှစ်ဘက်တပ်များက သဘောတူညီထားသည့် နယ်မြေများမှ ရှေ့ဆက်မတိုးရဘဲ တပ်ချင်းခွာထားရန်၊ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တရုတ်နိုင်ငံ၏ အကျိုးစီးပွား ထိခိုက်မှုမှန်သမျှကို ရှောင်ရှား၍ ကာကွယ်စောင့်ရှောက်ရန် စသည့် အချက်များအပါအဝင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့ကြား သဘောတူညီချက် ၆ ချက်ရရှိခဲ့သည်ဟု အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။
ချင်းရွှေဟော်ဂိတ်သည် မြန်မာတစ်နိုင်ငံလုံး ကုန်သွယ်ရေး၏ ၁၂.၇ ရာခိုင်နှုန်းရှိပြီး စတုတ္ထအကြီးဆုံးကုန်သွယ်ရေးလမ်းကြောင်းလည်းဖြစ်သည်ဟု စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်က ထုတ်ပြန်သည့်စာရင်းအရ သိရသည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3617
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8092