ပလက်ဝကို ဒေသခံများသာ ပိုင်ဆိုင်သည်ဟု AA ဆို
*****************
သံလွင်ခက်။
မတ် ၄ ၊ ၂၀၂၄။
ချင်းပြည်နယ်၊ ပလက်ဝခရိုင်ကို ယင်းဒေသတွင် နေထိုင်သည့် ဒေသခံများသာ ပိုင်ဆိုင်သည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သံလွင်ခက်သတင်းဌာနကို ပြောသည်။
ယနေ့ မတ်လ ၄ ရက်တွင် ရက္ခိုင့်တပ်တော် AA က ပြုလုပ်သည့် ၈ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် AA သိမ်းပိုက်ထားနိုင်သည့် ပလက်ဝနှင့် ရခိုင်ဒေသများတွင် ဆက်လက်အကောင်အထည်ဖော် လုပ်ဆောင်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာန၏ မေးမြန်းမှုကို ဖြေဆိုခဲ့ခြင်းဖြစ်သည်။
AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက “ပလက်ဝဒေသကို ဘယ်သူပိုင်လဲဆိုရင် ပလက်ဝမှာ နေတဲ့သူတွေ ပိုင်တယ်။ ဆိုရင် ပလက်ဝကို ပလက်ဝဒေသခံတွေပဲပိုင်တယ်။ ဒီဟာတွေဟာ ကျွန်တော်တို့ဘက်က ရှင်းရှင်းလင်းလင်းပြောချင်တဲ့ ကျွန်တော်တို့အမြင် ဖြစ်ပါတယ်” ဟုဆိုသည်။
ပလက်ဝဒေသ ဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးများကို ရက္ခိုင့်တပ်တော် AA က တာဝန်ယူထားပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အစီအစဉ်များကို ချမှတ်လျက်ရှိသည်ဟု ဦးခိုင်သုခက ဆက်ပြောသည်။
ထို့ပြင် အုပ်ချုပ်ရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လျက်ရှိသည်ဟု ဦးခိုင်သုက ဆိုသည်။
၎င်းက “အရည်အချင်းရှိတဲ့ သူတွေကို ဖိတ်ခေါ်နေတာရှိသလို ရပ်မိရပ်ဖတွေထဲကလည်း သင့်တော်တဲ့ သူတွေကို အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်နိုင်ဖို့ ဖိတ်ခေါ်နေတာ ရှိပါတယ်” ဟုဆိုသည်။
ရက္ခိုင့်တပ်တော် AA က ပလက်ဝဒေသရှိ စစ်ကောင်စီတပ်စခန်းများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစတင် ထိုးစစ်ဆင်တိုက်ခဲ့ကာ နှစ်လအကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စစ်ကောင်စီတပ်စခန်းအားလုံး သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝမြို့ တစ်ခုလုံးကို အလုံးစုံ သိမ်းပိုက်လိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂ ၃ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်ကစတင်ပြီး ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် ပလက်ဝနှင့် ရခိုင်ဒေသရှိ မြို့နယ်ပေါင်း ၆ မြို့နယ်နှင့် စစ်ကောင်စီတပ်စခန်းပေါင်း ၂၁၅ ခုကို အလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားပြီးကျန်ရှိနေသည့် မြို့နယ် အများစုတွင်လည်း တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားထားသည်။
ပုံစာ – ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် ပလက်ဝမြို့ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် AA တပ်ဖွဲ့ဝင်များ နေရာယူထားသည့် မြင်ကွင်း။
ဓာတ်ပုံ – AA Info Desk
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3614
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=8087