ကချင်ပြည်နယ်အတွင်း လက်လွှတ်ခဲ့ရသည့် တပ်စခန်းကို ပြန်လည်အခြေချနိုင်ရန် စစ်ကောင်စီကြိုးပမ်း
*********************
ထွယ်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။
စစ်ကောင်စီတပ်သည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် က ချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ၊ စီခမ်းကြီးကျေးရွာကတပ်စခန်းကို ပြန်လည်ဝင်ရောက်ရန်ကြိုးပမ်း လျက်ရှိသည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် သံတံတားကျေးရွာတွင် ခြေလျင်အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ပူးပေါင်းတပ်တို့ကြား ယမန်နေ့ ညနေ ၅ နာရီခန့်၌ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ကချင်ပြည်သူ့ကာကွယ်ရေးတပ် – KPDF ရဲဘော် ၁ ဦးက သံ လွင်ခက်ကို ပြောသည်။
၎င်းက “ကျွန်တော်တို့ရှိနေတဲ့ဘက်ကို ရောက်လာလို့ တိုက်ပွဲဖြစ်ကြတာ။ ကြားဖြတ်တိုက်တဲ့သဘောပေါ့” ဟုပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နာရီဝက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ည ၉ နာရီခန့်တွင် ၁ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်မှုများ ပြု လုပ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွင် မံစီမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသည့် မံစီအခြေစိုက် တပ်မ – ၃၃ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ – ၃၁၉ က တပ်ဖွဲ့ဝင်များပါဝင်ပြီး စီခမ်းကြီးတပ်ရင်းက ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ပါဝင်သည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ရှေ့တန်းရဲဘော် ၁ ဦးက ပြောသည်။
“သူတို့က စီခမ်းကြီးမှာ ထိုင်ကြတဲ့သူတွေ ဟုတ်တယ်။ စီခမ်းကြီးသိမ်းပေးလိုက်တော့ အဲ့က ထွက်ပြေးသွားပြီးနောက် စီခမ်းကြီးမှာ တန်ဖိုးကြီးတဲ့ သူတို့ပစ္စည်း နည်းနည်းဖွက်ထားတယ်တဲ့။ အဲဒါယူချင်လို့ ပြန်လာခဲ့ကြတာလို့ ကြားတယ်” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံတံတားကျေးရွာမှ တပ်ဆုတ်သွားပြီး ယနေ့တွင် မန်သာကျေးရွာနှင့် သံတံတားကျေးရွာကြား ရောက်ရှိနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်သည် မံစီမြို့နယ်အတွင်း စစ်ကြောင်း ၂ ကြောင်းဖြင့် လှည့်လည်သွားလာစစ်ရေးလှုပ်ရှားနေပြီး စစ်ကြောင်း ၁ ကြောင်းက မုန်းဒိန်ပါကျေးရွာနှင့် နန့်လင်းပါကျေးရွာဘက်တွင် စစ်ရေးလှုပ်ရှားလျက်ရှိသည်ဟု သိရသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ကချင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ် နှစ်စကတည်းစ၍ တိုက်ပွဲများဖော်ဆောင်နေကာ စစ်ကောင်စီတပ်စခန်းအများအပြားကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီ၏ ဗျူဟာတပ်စခန်းကို ၃ ရက်တာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်း ၇၀ ကျော် ရှာဖွေတွေ့ရှိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့သည်။
ထို့ပြင် မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာအနီးရှိ ဂေါင်ငူယာန်ကျေးရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်း ၁ ခုကိုလည်း ဇန်နဝါရီ ၁၉ ရက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်၌လည်း မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ကိုက်ထိပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA နှင့်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ပုံစာ – ဖေဖော်ဝါရီ ၁၉ ရက်တွင် စီခမ်းကြီးတပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက်မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3555
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7979