၂၀,၀၀၀ တန်ထွက်မည့်ကောလာဟလကြောင့် ကားဈေးနှင့် ဒေါ်လာဈေး အဆမတန်မြင့်တက်
*********************************
ယမင်းဖူးပွင့်အောင်
ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄။
မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန် ငွေစက္ကူများထွက်ရှိမည်ဆိုသည့် ကောလာဟလများကြောင့် မော်တော် ကားနှင့် ဒေါ်လာဝယ်ယူစုဆောင်းနေကြသဖြင့် ကားဈေးနှင့် ဒေါ်လာဈေးများ အဆမတန်မြင့်တက်နေသည်ဟု သိရသည်။
လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်ဝဘ်ဆိုဒ်များတွင် မတ်လအတွင်း ၂၀,၀၀၀ ကျပ်တန်များထွက်ရှိမည် ဆိုသောသတင်းသည် သတင်းမှားသာဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဖေဖော်ဝါရီ ၂၆ ရက် တွင် ထုတ်ပြန်သည်။
၂၀,၀၀၀ ကျပ်တန်ငွေစက္ကူအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကစ၍ အထိမ်းအမှတ်အနေဖြင့် ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းသာဖြစ်ပြီး ယခုအချိန်အထိ အများပြည်သူများအား ဟောင်းနွမ်း ငွေစက္ကူများဖြင့် အကန့်အသတ်နှင့်သာ လဲလှယ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ သတင်းတု၊ သတင်းမှားများသည် ငွေကြေးဈေးကွက်ကို ကမောက်ကမဖြစ်အောင်၊ ပြည်သူများ အထိတ် တလန့်ဖြစ်အောင် ဝိသမလောဘသားများက ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့်ကိုက်ညီမှုမရှိဘဲ နိုင်ငံခြားငွေကိုင်ဆောင်ကာ ဈေးကစားနေသူများအား ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း အရေးယူဆောင်ရွက်လျက်ရှိ သည် ဟု သိရသည်။
ပုံစာ – ဇူလိုင်လ ၃၁ ရက်က စတင်ဖြန့်ဝေခဲ့သည့် မြန်မာကျပ်ငွေ ၂၀,၀၀၀ တန်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3545
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7949