မြန်မာ့အကြပ်အတည်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှေးကွေးလာမည်ဟု ထိုင်း FTI ခန့်မှန်း
********************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄။
ထိုင်းနိုင်ငံနှင့်အိမ်နီးချင်းဖြစ်သော မြန်မာနိုင်ငံ၏နိုင်ငံရေးအကြပ်အတည်းများအပြင် အခြားအိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေးဆိုင်ရာပြဿနာများကြောင့် ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏နယ်စပ်ကုန်သွယ်ရေးနှေးကွေးလာမည်ဟု ခန့်မှန်းထားကြောင်း ထိုင်းစက်မှုလက်မှုအသင်းချုပ် – FTI က ပြောသည်။
ထိုင်းနိုင်ငံသည် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။
“စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အိမ်နီးချင်းနိုင်ငံတွေ (မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား ) နဲ့ ကျွန်တော်တို့က ကုန်သွယ်နေရတယ်” ဟု FTI ဒုဥက္ကဋ္ဌ မွန်ထရီ မဟာပလပ်ခ်ပွန်း က ပြောသည်။
နယ်စပ်ကုန်သွယ်ရေးနှေးကွေးလာဖွယ်ရှိသည့်စိန်ခေါ်မှုများမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစစ်ဖြင့် ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုမြင့်မားလာခြင်း၊ အခြားနိုင်ငံများ၏ အိမ်ထောင်စုကြွေးမြီပြ ဿနာများကြောင့်ဖြစ်သည် ဟု ၎င်းကဆိုသည်။
ထိုင်းနိုင်ငံသည် အဆိုပါနိုင်ငံအများစုနှင့် နယ်စပ်ကုန်သွယ်မှုပမာဏကျဆင်းနေခဲ့ပြီး မြန်မာနှင့်ဆိုလျှင် ၁၁ ဒဿမ ၁ ရာခိုင်နှုန်း၊ မလေးရှားနှင့် ၁၁ ဒဿမ ၇ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနှင့် ၁၉ ဒဿမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
လာအိုနိုင်ငံနှင့်ကုန်သွယ်မှုကတော့ ၁ ဒဿမ ၆ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း တွေ့ရသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်နေကြသော ထိုင်းပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ်မှုပြုလုပ်ရာ တွင် ထိုင်းဘတ်ငွေကို အဓိကငွေကြေးအဖြစ်အသုံးပြုကြရန်လည်း ထိုင်းစက်မှုလက်မှုအသင်းချုပ် – FTI က အကြံ ပြုထားသည်။
” မြန်မာကျပ်ငွေ၊ လာအိုကစ်ပ် နဲ့ ကမ္ဘောဒီးယားရီယယ်တို့က အတက်အကျဖြစ်ဖို့ အလားအလာများတဲ့အတွက် ထိုင်းဘတ်ငွေက ပိုပြီးခိုင်မာလာနေတယ်” ဟု မစ္စတာ မွန်ထရီ ကပြောသည်။
ပြီးခဲ့သည့်နှစ်အတွင်း ထိုင်းနိုင်ငံ၏ စုစုပေါင်းနယ်စပ်ကုန်သွယ်မှုတန်ဖိုးက ဘတ်ငွေ ၉၃၀ ဘီလီယံအထိကျဆင်းခဲ့ သည့်အပြင် ယခင်နှစ်ကထက် အကြမ်းဖျင်းအားဖြင့်ပို့ကုန်တန်ဖိုး ၁၀ ဒဿမ ၃ ရာခိုင်နှုန်း (ဘတ် ၅၈၀ ဘီလီယံ)၊ သွင်းကုန်တန်ဖိုး ၁၄ ဒဿမ ၇ ရာခိုင်နှုန်း (ဘတ် ၃၅၀ ဘီလီယံ) ကျဆင်းခဲ့သည်။
ဈေးပေါသောတရုတ်ထုတ်ကုန်များ အိမ်နီးချင်းနိုင်ငံများသို့ ဝင်ရောက်လာသည့်ပြဿနာများနှင့်လည်း ထိုင်းနိုင်ငံ ကရင်ဆိုင်နေရပြီး ယင်းက ပြည်တွင်းထုတ်လုပ်သူများအပေါ် အကျိုးသက်ရောက်မှုရှိသည်ဟု မစ္စတာ မွန်ထရီ က ဆိုသည်။
ထိုင်းနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍကိုထိခိုက်စေသည့် အဆိုပါပြဿနာကိုဖြေရှင်းနိုင်ရန်လည်း ထိုင်းအနေဖြင့် ရုန်းကန်နေရသည်။
တရုတ်နိုင်ငံ၏သွင်းကုန်များကြောင့် ပြည်တွင်းထုတ်လုပ်သူအချို့၏ ကုန်ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်းလျော့ကျ စေခဲ့သည်။
Ref: Bangkok Post
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3547
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7953