လေကြောင်းမှလာချပေးသော လက်နက်ခဲယမ်း၊
ရိက္ခာများကို AA သိမ်းဆည်းရရှိ
************************************
(ရဟတ်ယာဥ်များဖြင့် လာချပေးသော စစ်ကူ ၈၀ ကျော်ကိုလည်း AA သုတ်သင်ထားနိုင်)
သံလွင်ခက်
ဖေဖော်ဝါရီ ၂၇ ၊ ၂၀၂၄ ။
ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်နေသော
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင်းသို့ စစ်ကောင်စီက
၎င်းတို့တပ်များထံ တို့လေကြောင်းမှ လက်နက်ခဲယမ်း၊ ရိက္ခာများ လာရောက်ချပေးရာ ရက္ခိုင့်တပ်တော် AA ကသိမ်းဆည်းရရှိခဲ့သည်ဟု သတင်းထုတ်ပြန်သည်။
ထို့ပြင် ရဟတ်ယာဥ်များဖြင့် စစ်ကူအင်အားများလာရောက်ချပေးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ကျော်ကိုလည်း ၃ ရက်အတွင်း ချေမှုန်းထားနိုင်သည်ဟု ရက္ခိုင့်တပ်တော် AA က ယမန်နေ့ညပိုင်း၌ ထုတ်ပြန်သည်။
ရက္ခိုင့်တပ်တော် AA က လနှင့်ချီထိုးစစ်ဆင်နေသော ရမ်းဗြဲမြို့တိုက်ပွဲတွင်း၌ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူတိုက်ခိုက်မှုများ၊ ဗုံးကြဲမှုများကို နေ့စဥ်နီးပါးပြုလုပ်နေသည့်အပြင် လေကြောင်းမှ စစ်ကူ၊ လက်နက်ခဲယမ်း၊ ရိက္ခာများကို ပေးပို့နေခြင်းဖြစ်သည်။
စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊နေ့လည်ပိုင်း၌ လေကြောင်း (Y-12) မှ တစ်ဆင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ရမ်းဗြဲမြို့အတွင်းရှိ ၎င်းတို့တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများကို ရက္ခိုင့်တပ်တော်AAက သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၄ ရက်တွင်လည်း စစ်ကူစစ်ကြောင်းအား ရဟတ်ယာဉ် ၄စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် ၃ စီးဖြင့်တစ်ခေါက် ရမ်းဗြဲမြို့အနီးတွင် လာရောက်ချပေးခဲ့သည်။ ဤကဲ့သို့ စစ်ကူချပေးနေစဉ်အတွင်း ဂျက်တိုက်လေယာဉ်များဖြင့် လမ်းကြောင်းရှင်း ကာကွယ်ပစ်ခတ် တိုက်ခိုက်ထားခဲ့သည်။
ရဟတ်ယာဥ်များဖြင့် စစ်ကူလာချပေးသော
အနောက်တောင်တိုင်း စစ်ဌာန ချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ (၃၆) တပ်ရင်း နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကူစစ်ကြောင်းအား ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သည်။
ထိုသို့ထိုးစစ်ဆင်နေရာ ဖေဖော်ဝါရီ ၂၄ ရက် နှင့် ၂၅ရက် တို့တွင် အဆိုပါစစ်ကူစစ်ကြောင်းမှ အင်အား ၆၀ ကျော်ကိုလည်းကောင်း၊ ဖေဖော်ဝါရီ ၂၆ ရက်၌ အင်အား ၂၀ ကျော်ကိုလည်းကောင်း သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထားသည် ။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ အချိန် ၂ လနီးပါးရှိနေပြီး စစ်ကောင်စီက တစ်ရက်တည်း အကြိမ် ၁၀၀ ကျော်ထိ
လေကြောင်းမှ လာရောက်ဗုံးကြဲ တိုက်ခိုက်မှုများအပါအဝင် နေ့စဥ်နီးပါး ရမ်းဗြဲမြို့အား ဗုံးကြဲနေသည်။
ထိုကြောင့် ရမ်းဗြဲတစ်မြို့လုံးရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိကအဆောက်အအုံများမှာ အားလုံးနီးပါး ပျက်စီးခဲ့ရပြီးဖြစ်သည်။
ရက္ခိုင်ဒေသအတွင်း၌ ပေါက်တောမြို့ ပြီးလျှင် ရမ်းဗြဲမြို့သည် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အပျက်အစီးအများဆုံးမြို့ဖြစ်ပြီး တစ်နည်း စစ်ကောင်စီ၏ အယုတ်မာဆုံးသော ဖက်ဆစ်လုပ်ရပ်များဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားသည်။
ပုံစာ-ရမ်းဗြဲမြို့အနီး ရဟတ်ယာဥ်ဖြင့်လာရောက်ပေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ AA သိမ်းဆည်းရရှိသည့် လက်နက်၊ခဲယမ်းများ ။