ကြံ့/ဖွံ့ဥက္ကဋ္ဌ ဒေါက်တာမှုထန်၏နေအိမ်ကို ပြည်သူပိုင်သိမ်း
***********************
ထွယ်
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။
စစ်ကောင်စီအဖွဲ့၀င် ဒေါက်တာမှုထန်၏ ဟားခါးမြို့ရှိ နေအိမ်ကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းလိုက်သည်ဟု CDF – Hakha က ယမန်နေ့ဖေဖော်ဝါရီ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။
အသက် ၇၆ နှစ်အရွယ် ဒေါက်တာမှုထန်သည် ချင်းလူ မျိုး နိုင်ငံရေးသမား ဆရာဝန် ၁ ဦး ဖြစ်ပြီး ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲများတွင် အနိုင်ရထားသည့် အမတ် ၁ ဦးဖြစ်ကာ ချင်းပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌလည်းဖြစ်သည်။
ဒေါက်တာ မှုထန် သည် စစ်ကောင်စီကို ထောက်ခံကာ ပူးပေါင်းနေရုံသာမက စစ်ကောင်စီကကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်ကြရန် စည်းရုံးခဲ့သဖြင့် ၎င်း၏နေအိမ်ကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းလိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။
မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်ကောင်စီတပ်က ဒေါက်တာမှုထန်ကို ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ် ၅ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူ ပူဂင့်ကမ်းလျန်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် အဆိုပါရာထူးအားခန့်အပ်ခဲ့သော်လည်း ငြင်းဆန်ခဲ့သည့်အတွက် ဒေါက်တာမှုထန် ကို အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါက်တာမှုထန်သည် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ကြောင်ထီးယားကျေးရွာဇာတိဖြစ်ပြီး ၎င်း၏ဇာတိ ထန်တလန်တစ်မြို့လုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလက်တွဲနေသဖြင့် ချင်းပြည်သူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသူ လည်းဖြစ်သည်။
၂၀၂၁ ခုနှစ်၊ သြဂုတ် ၁၁ ရက်ကလည်းချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ သူ၏နေအိမ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင် ညိုစော၊ လှမိုးနှင့် ဝဏ္ဏမောင်လွင် အပါအဝင် ဒေါက်တာမှုထန်နှင့် လက် နက်ပွဲစားကုမ္ပဏီ ၂ ခုကို ဥရောပသမဂ္ဂ – EU က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်က ပိတ်ဆို့အရေးယူခဲ့သည်။
ဓာတ်ပုံ – Zalen
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3541
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7941