စစ်ရှုံးနေသည့်စစ်ကောင်စီကို အရှုံးသမားကောင်း ပီသရန် AA စစ်ဦးစီးချုပ်သတိပေး
******************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၆၊ ၂၀၂၄။
စစ်ရှုံးနေသည့်စစ်ကောင်စီအနေဖြင့် အရှုံးသမားကောင်း ပီသရန် ရက္ခိုင့်တပ်တော် – AA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က သတိပေးပြောဆိုလိုက်သည်။
ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာကတဆင့် သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။
“ခင်ဗျားတို့ရဲ့ စစ်ပညာနဲ့ကြိုးစားမှုကိုလေးစားပါတယ်။ ဒါပေမဲ့ လူကြီးမင်းတို့က သေချာပေါက်ရှုံးနေပြီဖြစ်လို့ အရှုံးသမားကောင်းပီသအောင် ကြိုးစားခြင်းကသာ သင်တို့ရဲ့ တစ်ခုတည်းသော အကောင်းဆုံးရွေးချယ်စရာဖြစ်ပါလိမ့်မယ်” ဟု ရေးသားထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် တပ်ချင်းယှဥ်လျှင် အမြဲရှုံးနိမ့်နေရသဖြင့် အပြစ်မဲ့ပြည်သူလူငယ်များကို ဖမ်းဆီးသတ်ဖြတ်
ကာ ညစ်လုံးမျိုးစုံသုံးပြီး ဆက်လက်၍ လက်နက်အားကိုးဖြင့် မိုက်တွင်းမနက်ရန်လည်း သတိပေးထား သည်။
“တပ်အချင်းချင်း တိုက်မနိုင်လို့ ဘာလက်နက်မှမရှိတဲ့ အပြစ်မဲ့ပြည်သူလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီး သတ်ဖြတ် ညစ်လုံးစုံနဲ့ ဆက်ပြီးလက်နက်အားကိုး မိုက်တွင်းနက်နေအုံးမယ်ဆိုရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ထည့်မစဉ်းစားရင်တောင် ရှင်ကျန်ခဲ့မယ့် သားသမီးမြေးမြစ်တွေအတွက် သိက္ခာနည်းနည်းချန်ထားခဲ့သင့်ပါတယ်“ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဆက်လက်သတိ ပေးရေးသားထားသည်။
ရခိုင်ပြည်နယ်စစ်မျက်နှာတွင် အရှုံးဖြင့်ရင်ဆိုင်နေရ
သည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ လူနေရပ်ကွက်နှင့်ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ခတ်လျက်ရှိသည်။
ထိုသို့ပစ်ခတ်မှုများကြောင့် ရခိုင်ပြည်နယ်တွင် နေ့စဉ်နီးပါး နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးမှုများရှိသကဲ့သို့ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများလည်းရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်တွင် ရမ်းဗြဲမြို့ မြို့မဆေးရုံ၊ မြို့မစျေးနှင့် လူနေအိမ်များပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မြို့မဆေးရုံတစ်ခုလုံးနှင့် မြို့မစျေးအပါအဝင် လူနေအိမ်တချို့ပျက်စီးခဲ့ရသည်။
ရက္ခိုင့်တပ်တော် – AA အနေဖြင့် ပလက်ဝဒေသအပါ အဝင် ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊မြေပုံနှင့် တောင်ပြိုစသည့်မြို့များကိုသိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့များကိုလည်း ဆက်လက်သိမ်းပိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။