ဟိုပုံးတိုက်ပွဲ ဗိုလ်မှုးနှင့်ဗိုလ်ကြီးများအပါအဝင်
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံး
*****************************
သံလွင်ခက်
ဖေဖော်ဝါရီ ၂၆ ၊ ၂၀၂၄ ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၆ ဦးသေဆုံးခဲ့သည်ဟု PNLA က ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည် ။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) မှ ပအိုဝ်းဒေသအတွင်း လုံခြုံရေးဆိုင်ရာလှုပ်ရှားမှုကို ယနေ့အထိ ဆက်လက်ဆောင်ရွက်နေလျက်ရှိသည်ဟု ဆိုသည်။
ထိုသို့ လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းကို ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတိုက်ခိုက်သဖြင့် ယမန်နေ့တွင် နံနက် ၁၀ နာရီမှ ညနေ ၃း၄၀ နာရီအထိတိုက်ပွဲ ဖြစ်ပွားခဲ့သည် ။
ထိုတိုက်ပွဲဖြစ်ပွားသည့် နေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)စစ်ကြောင်းမှ ရှင်းလင်းမှုပြုလုပ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့သည်ဟု PNLA ကဖော်ပြထားသည် ။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကို သိမ်းဆည်းရမိခဲ့သည်။
ယမန်နေ့တွင်လည်း စစ်ကောင်စီသည် ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့သလို
ယမန်နေ့၌လည်း ဆီဆိုင်မြို့တွင်းကို စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားနေသည်မှာ တစ်လကျော်လာပြီဖြစ်သလို ဟိုပုံးမြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၁၉ ရက်၌ တိုက်ပွဲများဖြစ်ပွားနေရာ ရက်သတ္တပတ်ရှိလာပြီဖြစ်သည်။
ပုံစာ-ဟိုပုံမြို့နယ်တိုက်ပွဲတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3513
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7913